မိဝင်းဖို့ကဗျာ(၁) – ပိုင်စိုးဝေ
ဒုက္ခတွေကိုပြပြပြီး
မင်းကငါ့ကိုမြှူဆွယ်ရဲ့
ငါဘာကောင်ဆိုတာသိဖို့
ငါ့ဗိုက်ကိုဓားနဲ့ထိုးကြည့်ဖို့တော့
မကြိုးစားနဲ့လေ
ငါ့ဘဝရဲ့ဖြစ်တည်မှုဟာ
ငါ့ဗိုက်ထဲမှာမရှိဘူး
ငါ့မှာရှိသမျှငါ့ဘဝရဲ့အဓိပ္ပာယ်တွေ
မင့်ကိုသာပေးလိုက်ချင်ရဲ့
ငါ့မှာဗလာသက်သက်အခွံချည့်
ကျန်ရစ်ခဲ့စမ်းပါစေ။
မင်းနဲ့ပတ်သက်ပြီးတော့လည်း
ပြားပြားဝပ်မတတ်ကြောက်ဒူးတုန်ရဲ့
ပထမဆုံးသေနတ်သံကြားကတည်းက
လက်နက်ချဖို့သာ စိတ်ကူးနေသူပါ
မင်းနဲ့ပတ်သက်တဲ့ ငါ့ရဲ့အနာဂါတ်တိုင်းဟာ
ဘယ်တုန်းကမှငါ့ဆီကိုရောက်မလာခဲ့ဘူး
ထင်းရှူးပင်တွေပေါတဲ့တောအုပ်ကြီးထဲ
အမြဲတမ်းပုန်းပုန်းနေတဲ့အနာဂါတ်ပါ။
ရူးစမ်းပါစေ ဆိုပြီး
မင်းပစ်ပေးလိုက်တဲ့အဲသည်အထုပ်ကို
ရတဲ့နေ့ကစ
တစ်ညမှအိပ်မပျော်တော့ဘူး
ဟင်းလင်းပြင်ကြီးကိုပွေ့ဖက်
ငါ့ထွက်သက်နဲ့ဝင်သက်တိုင်းမှာ
မီးနဲ့ရေ ကိုရှုသွင်းမှုတ်ထုတ်
အပြင်းစားအာရုံတွေကို ငါစားသုံးရဲ့။
လှုပ်ခတ်နေတဲ့
ငါ့စိတ်ရဲ့အသံဗလံတွေကို
မင်းကြားရဲ့လား။
ဟေ့
ငါ့ကိုသနားလို့ဆိုပြီးတော့များ
မင်းဖန်တီးထားတဲ့ဇာတ်ကွက်ဇာတ်လမ်းတွေ
ရပ်တန်းကရပ်မပစ်လိုက်ပါနဲ့
ငါဆက်ပြီးရူးစမ်းပါရစေ။
နားမလည်ပါဘူးဆိုတာကိုက
မင်း ငါ့ကို နားလည်တာပါပဲ။ ။
ပိုင်စိုးဝေ
၁၅.၁၀.၉၄
ဟန်သစ်မဂ္ဂဇင်း
Comment #1
ဟေ့
ငါ့ကိုသနားလို့ဆိုပြီးတော့များ
မင်းဖန်တီးထားတဲ့ဇာတ်ကွက်ဇာတ်လမ်းတွေ
ရပ်တန်းကရပ်မပစ်လိုက်ပါနဲ့
ငါဆက်ပြီးရူးစမ်းပါရစေ။
နားမလည်ပါဘူးဆိုတာကိုက
မင်း ငါ့ကို နားလည်တာပါပဲ။ ။
(တကယ်ကောင်းတယ် … အားပေးလျက်)