မိဝင်းဖို့ကဗျာ(၂) – ပိုင်စိုးဝေ
အုံ့ဆိုင်းတဲ့နှင်းထုထဲ
နေရောင်ကျဲကျဲထိုးချလိုက်တဲ့အခါ
မင်း
ငါ့နှလုံးသားကိုသတိရပေါ့ကွယ်။
ဟေ့..မိဝင်း
မင်းဟာ ငါ့ကိုမယုံဘူး
ဟုတ်လား
ငါ့တစ်ကိုယ်လုံးကိုင်ကြည့်လိုက်လေ
တဆတ်ဆတ်တုန်ခါနေတာ
မင်းတွေ့ရမှာပဲ။
ဟောသည် ကန္တာရတောအုပ်ကြီးကို
ဘယ်သူမှတားဆီးမရသလိုမျိုးပေါ့
ငါ မင်းကိုချစ်တာ။
ကြည့်စမ်း
မင်းက ငါ့ကို
ဒုတိယတန်းစားထဲမှာ ထားခဲ့ချင်သပေါ့
တကယ်တမ်းကျ ငါက
တတိယတန်းစားလူတစ်ယောက်ပါကွာ။
လူတစ်ယောက် ဘယ်လောက်ထိချစ်နိုင်တယ်ဆိုတာ
မင်းက မယုံဘူး
ဟုတ်လား
လူတစ်ယောက်မိုးပေါ်ပျံနိုင်တယ်
ဆိုတာမျိုးကျ မင်းက ယုံပြန်ရော။
တငွေ့ငွေ့ကျန်ရစ်ခဲ့တဲ့
မင်းရဲ့ သရော်တော်တော်အပြုံးလေးကိုပဲ
တစ်သက်လုံး သိမ်းဆည်းထားရစ်တော့မယ်
ငါ့အပြစ်ပါ။
ငါ့ဘဝရဲ့ဖြစ်တည်မှုထဲ
မင်းလက်ကိုထိုးသွင်းကြည့်လိုက်စမ်း
ကိုင်း…အချစ်နံ့တွေ ရတယ်မဟုတ်လား။
မင်းနဲ့ပတ်သက်တိုင်း
ငါရရှိတဲ့ ပျော်ရွှင်မှုဆိုတာ
စစ်ပွဲကြီးတစ်ခုပြီးသွားတဲ့အခါ
ကျည်ဆံခွံလိုက်ကောက်ရတဲ့ ကလေးလိုပါပဲ။
ဘာမှန်းမသိတဲ့ အရာတွေအပေါ်
ဘာမှန်းမသိဘဲ လိုက်လျောနေရတာ
ငါ့ဘဝပါကွယ်။
ငါ့အချစ်ဟာ
မင်း ဘာသာပြန်လို့ မရနိုင်လောက်အောင်
မရှုပ်ထွေးလှပါဘူး။
ပြင်းထန်လွန်းတဲ့အာရုံခံစားမှုနဲ့
တုန်ခါနေတဲ့ ဘဝရဲ့ရစ်သမ်ကို
ပေါင်းစပ်ထားတာတစ်ခုပါပဲ။
မြက်ခင်းပြင်ပေါ် လမ်းလျှောက်ရသလိုမျိုးတော့
မလွယ်ကူလှဘူးပေါ့ကွာ။
ငါ့အသက်အရွယ်ကြီးနဲ့ကျမှ
အသည်းကွဲသီချင်းတွေလည်း ဆိုမနေပါရစေနဲ့တော့
ငါးမန်းတွေပေါတဲ့ ပင်လယ်ပြင်ကြီးထဲ
တစ်ခါတည်းသာ ခုန်ချလိုက်ချင်ရဲ့။ ။
ပိုင်စိုးဝေ
(ဟန်သစ်မဂ္ဂဇင်း၊ စက်တင်ဘာ ၁၉၉၃)
Comment #1
ကျွန်တော့်ဆီက ကဗျာမှာတော့ line no. 27 က “ငါ့အဖြစ်ပါ”
ဒီကဗျာကိုမတင်ရသေးဘူးထင်လို့ ခုနကတင်လိုက်မိသေးတယ်။ ခေါင်းစဉ်ပေးဖြစ်ပုံလေးကို ကဗျာစာအုပ်တစ်ခုမှာ ဆရာပိုင်စိုးဝေ ပြောခဲ့တာလေးကိုပြန်ဖောက်သည်ချလိုက်ပါတယ်။
“မိဝင်းဖို့ ကဗျာများသည် ဟန်သစ်မဂ္ဂဇင်းတွင် ဖော်ပြခဲ့ပါသည်။ ကဗျာများကို မိန်းကလေးတစ်ဦးဦး၏အမည် ပေးရန်လိုအပ်သည့်အတွက်စဉ်းစားသောအခါ ရင်းနှီးခင်မင်သော မိန်းကလေးတို့၏အမည်ကို စဉ်းစားမိသော်လည်း ထိုအချိန်မှာ ကျွန်တော့်ဇာတိ အောင်သာရွာသို့အပြန် မန္တလေး-မြင်းခြံ ‘၀င်း’ အမြန်မော်တော်ကားကြီးပေါ် စီးနင်းလိုက်ပါလျက်ရှိရာ ၄င်း ‘၀င်း’ အမြန်မော်တော်ကားကြီးကို အစွဲပြု၍ ‘မိဝင်းဖို့ကဗျာ’ဟူ၍ အမည်ပေးလိုက်ပါသည်။”
(ဣတ္ထိရတောင်တန်း ကဗျာစာအုပ်မှ)