သတိရတိုင်း ငါပြန်တဲ့ မြို့ (ပိုင်မင်းဆွေ)
“သတိရတိုင်း ငါပြန်တဲ့ မြို့”
ညနက်ထဲ
ပိတ်ဆို့ လဲလျောင်းနေတတ်တဲ့ မြို့
ကြယ်တွေ ကြယ်တွေ ဆိုတာ
ခိုးခိုးရွေယူရတယ်။
ငါ့စိတ်အား ကင်ဆာမြစ်လို ကုပ်တွယ်လို့
ဝေးဝေးရောက်နေလည်း လက်လျှော့မသွားဘူးကွယ့်
ခိုးထားတဲ့ကြယ်နဲ့ ကြွေကျ ပြန်ခဲ့မယ်။
အမေ စိုက်တဲ့ နနွင်းပင်တွေ
အဖေ့ခေါင်မိုးနဲ့မလွတ်တဲ့ ငါ့အိပ်မက်တွေ
ဘယ်တော့ မိသားစုလေး ပျော်ရွှင်လာမလဲဆိုတဲ့
အရွက်အခက်တွေ
ဖားဖားဝေနေရာ။
တစ်နေ့တော့ သားအကြီးကောင်ထွက်သွားတာ
သူပြန်လာရဲ့လား အမေ
သူရခဲ့တာ နာကျင်မှုတွေပါတဲ့
သူ့အချစ်ရေးကလည်း ပွန်းပဲ့လို့ပါ
သားအကြီးဆုံးဟာ အမှားအကြီးဆုံးလား။
အခု သူပြန်လာတယ်.. ကြိုပါအမေ။
အကြီးကောင်ဟာ တုန်နေတဲ့လက်နဲ့
search box ထဲ မြို့နာမည်ကို ရိုက်ထည့်တယ်။
ဟော… စခရင်ပေါ်မှာ
တောတောင်တွေ ကွင်းပြင်ကျယ်ကျယ်တွေ နေကြာခင်းတွေ
အိမ်ခေါင်မိုးတွေ မြေလမ်းဖုံဖုံတွေ ချောင်းကောက်ကောက်တွေ
တဖြည်းဖြည်း zoom ချဲ့ပြီး သားပြန်လာနေတယ်
ဖြူစင်တဲ့ငယ်ဘ၀တွေ အမေ့ငေါက်သံတွေရှိတဲ့ဆီ
သားပြန်လာနေတယ် သားတကယ်ပြန်လာနေတယ်။
ကျောင်းဆင်းခေါင်းလောင်းထိုးသံတွေ စက်ဘီးတချောက်ချောက်နင်းသံတွေ
တစ်ယောက်လိုသေးလို့မစားဘဲစောင့်နေတဲ့ မိသားစုထမင်းဝိုင်းတွေ
ရိုးသားတဲ့အမေ့အိမ်အမိုးအောက်က ရိုးသားတဲ့စာအော်ကျက်သံတွေ
အိမ်ခြံထဲမြေကြီးတူးဆွနေပုံ တွင်းရေအေးအေးငင်ချိုးနေပုံတွေ
အမေ့မုန်ညင်းဟင်းချိုနဲ့ ကြီးထွားခဲ့တဲ့ သားတို့မောင်နှမတွေ
တိမ်ထူထူမြို့လေးအောက်က မျှော်လင့်ချက်ထူထူတွေ
အိမ်နောက်ဖေးက နောက်ထပ်ပြန်ပေါက်မလာတော့တဲ့
အဖေခုတ်ပစ်ခဲ့တဲ့ အုန်းပင်တွေ။
ကြိုပါအမေ…..
အိမ်လည်လွန်လို့ သား တုတ်ကောက်ပြီးပြန်ခဲ့တယ်။
ပိုင်မင်းဆွေ
3:22 PM.
14 April 2010
Comment #1
အဲဒီကဗျာလေးကို ခေတ်ပေါ်ကဗျာလမ်း မှာဖတ်ဖူးထဲက ကြိုက်တာာာာ…
(: အခု ဒီမှာထပ်ဖတ်ရတော့လည်း ထပ်ကြိုက်……
(: (: တကယ်ကောင်းတယ်