အနာဂတ်အလွမ်း
တစ်ဆောင်းလုံး မိုးခိုခဲ့ရတော့
တစ်နွေလုံးအလွမ်းတွေပဲပွင့်တယ်။
ဒါနဲ့
တစ်လမ်းသွားငါ့ရင်ဘတ်ထဲ
အလွမ်းတစ်ခင်း ပျိုးလိုက်တော့
ကံ့ကော်တွေ တောထအောင်ပွင့်ကြတယ်။
တစ်ကယ်လို့များ
နောက်တစ်ဆောင်းမိုးခိုခဲ့ရင်ကော
ကံ့ကော်တွေ လွမ်းပွင့်ဝေသီမှာပဲလား။
မမေးရဲ့ခဲ့ပါဘူး
ကြားလည်းမကြားရက်ပါဘူး
အဆောင်ဆောင် အခန်းခန်းကြယ်စင်တွေ
ဂူအောင်းနှုတ်ဆိတ်နေတုန်းတော့
ပင်လယ်လို ကိုယ်ဝန်ဆောင်ခဲ့ရင်တောင်
တိမ်တွေလိုမီးမဖွားနိုင်ဘူး..။
ကောင်မလေးရေ…
နင်လည်းသိမှာပါပဲ
စည်းရိုးကာရံပေမဲ့
အကန့်အသတ်မဲ့မယ်မဟုတ်လား….။
တီးတိုးကဗျာဆန်ခဲ့ပေမဲ့
လျို့ဝှက်ကြမယ်မဟုတ်လား.။
ဆန့်ထွက်လင်းလက်ကြည့်ချင်လို့
ကိုယ့်နှလုံးသားကိုယ် မီးခတ်ခဲ့တာပါ။
ကတ္တီပါနင့်ရင်ခွင်ထဲ
ငိုရှိုက်ခွင့်ရမယ်ဆို
ငါ့သိက္ခာကို
ရွက်ကြွေတောတစ်ခုလို
ငါကိုယ်တိုင်
ခြွေချမြေခစေမှာပေါ့…။
လဲဝါစိုင်လို
နုနုအိအိလေးပြုံးပြနော်…။
နောက်ဆို….
ပုလဲရှာဖို့ကိုယ်ရေမငုပ်တော့ဘူး..
ကြယ်တွေဆီမျှော်ငေးဖို့
နေ၀င်ချိန်မစောင့်တော့ပါဘူး..
လမိုက်ညဆိုလည်း
ကိုယ်လိုက်မမှောင်တော့ဘူး…
မုန်တိုင်းနဲ့ လွင့်ကြွေခဲ့ရင်တောင်
ရှင်သန်ခွင့်ရရုံအတွက်
ကိုယ်မတွယ်ငြိတော့ဘူး..။
မိုးစက်ကြွေတိုင်းတော့
နင့်ကိုသတိရမယ်
ကံ့ကော်ပွင့်တိုင်းလည်း
နင့်အတွက်ဝေမျှမယ်..
နင်ရှိနေသမျှငါလင်းရမှာပေါ့..။
ခုလက်ရှိမှာတော့
\\\”သွားတော့..သွားတော့\\\” နှုတ်ဆက်ပြီးတာတောင်
င့ါခေါင်းက
ဆိုင်းကြိုးနဲ့စွန်တွေလို
ရစ်ဘီးရှိရာဆီပဲဆန့်ငင်.ဆန့်ငင်..။
သံယောဇဉ်ပဲ အလွယ်ဆိုပါတော့
ပြန်မလာတော့မှန်းသိပေမဲ့
လေသံကြားတိုင်း တရားနာမိတုန်းပဲ
ခြေသံကြားတိုင်း နင်လားထင်တုန်းပဲ…။
ဇာတ်သိမ်းခါနီးမှာ
နှုတ်မဆက်ရက်ပေမယ်..။
စည်းရိုးကာရံပေမယ့်…..။
တီးတိုးကဗျာဆန်ပေမယ့်…။
Comment #2
စာသားတွေက မိုက်တယ်…. ဆန့်ထွက်လင်းလက်ကြည့်ချင်လို့
ကိုယ့်နှလုံးသားကိုယ် မီးခတ်ခဲ့တာပါ။
ကတ္တီပါနင့်ရင်ခွင်ထဲ
ငိုရှိုက်ခွင့်ရမယ်ဆို
ငါ့သိက္ခာကို
ရွက်ကြွေတောတစ်ခုလို
ငါကိုယ်တိုင်
ခြွေချမြေခစေမှာပေါ့…။ အရမ်းကြိုက်တယ် အဲ့ဒီစာသားလေးကို
Comment #3
မင်းရဲ့ masterpiece ဖြစ်မယ်လို့ ထင်ပါတယ်။ စာသားတွေက လန်းလွန်းတယ်။
တကယ်ပါ။ ပြန်မလာနိုင်တော့ဘူးလို့ထင်ပေမဲ့ ၊ မင်းဆီကထွက်သွားပြီး လမ်းတစ်ဝက်
ကနေပြန်လှည့် လာချင်လာမှာပေါ့။
Comment #1
အရမ်းကို ကောင်းပါတယ် အပိုဒ်တိုင်းကို ကြိုက်ပါတယ်