ငါ့မှာ ဘာမှ မရှိခဲ့ဘူး
ဟိုး ..အရင်က
တစ်ထပ်ပြီး တစ်ထပ်
ကောင်းကင်ကို မိုးထိုးတက်သွားတဲ့ တိုက်တွေရဲ့ကြား
ငါ ခေါင်းမော့ပြီး လမ်းသလားရမှာ
မုန်းလိုက်တာလို့ ထင်ခဲ့တယ်။
ငါ့မှာ ဘာမှ မရှိခဲ့ဘူး။
မီးပွိုင့်စိမ်းနဲ့ မျဉ်းဝါ၀ါ
ငါ သေချာကြည့်ပြီး လမ်းကူးတယ်။
ဒါပေမယ့် …..
ကိုယ်ပိုင်ဂွေကို ကိုယ်တိုင်ကိုင်ပြီး
မြေပြင်ကို လေယာဉ်လို မောင်းနေကြသူတွေကြားမှာ
ငါ အလျင်စလို လမ်းဖြတ်ကူးနေရတာကိုလဲ မုန်းတယ်။
ငါ့မှာ ဘာမှ မရှိခဲ့ဘူး။
ပြီးတော့ ….
ရန်ကုန်မြို့ရဲ့ ခေတ်ရေစီးကြောင်းမှာ
သုံးတောင် ချုပ်ရမယ့် တစ်ဝတ်စာကို
သုံးခါ ချုပ်ဝတ်တဲ့ ကောင်မလေးတွေရဲ့ ကြား
ငါ့ခေါင်းကို အမြဲငုံ့ထားရတာကိုလဲ မုန်းတယ်။
ငါ့မှာ ဘာမှ မရှိခဲ့ဘူး။
ဝယ်လို့သာ ၀ယ်
အိမ်ကိုလည်း ပြန်သယ်လို့မရတဲ့ စက္ကူပန်းကုံးတွေအတွက်
“ငွေလုပ်စက်” ရှိတဲ့ စင်တင်ပျော်လူမိုက်တွေ မြင်တိုင်း
ကိုယ့် အရပ်ကို ကိုယ်ပြန်တိုင်းနေရတာလည်း မုန်းတယ်။
ငါ့မှာ ဘာမှ မရှိခဲ့ဘူး။
တစ်နေရာနဲ့ တစ်နေရာ ဆက်သွယ်ဖို့အတွက်
ဒီဂျစ်တယ်ပြားကို နားအုံမှာ ကပ်ရုံပဲဆိုတဲ့ ခေတ်မှာ
ငါ ပိုင်ဆိုင်တာတွေကို ငါပြန် စိစစ်တိုင်း
ကိုယ့်ကိုယ်ကို ခပ်ရိုင်းရိုင်း ပြန်ဆဲမိတဲ့ ညနေတွေများလာတဲ့အခါ
ငါ ….ဘာမှမရှိခဲ့တာကို မုန်းတယ်။
………………………..
……………………………….
………………………………….
…………………………………. မုန်းတယ်။
တစ်နေ့
နှစ်ရာကျော်တန် နောက်ဆုံးပေါ် ဇိမ်ခံကားကို
နောက်ဆုံးပေါ် ဇိမ်ခံမယားအတွက်
နောက်ဆုံး ချစ်သက်လက်ဆောင် ပေးခဲ့ဖူးပါကြောင်း
ခေတ်ဟောင်း စစ်ကြိုဘက်စ်ကားပေါ်မှာ
ဘ၀ဟောင်းကို မြိန်ရည်ရှက်ရည် စားမြုံပြန်ရှာတဲ့
နောက်ဆုံးပေါ် နွားကြီးတစ်ကောင်နဲ့ အတွေ့မှာတော့
ကိုယ့် အတ္တကို လေပြန်လျှော့ရင်း
သူငယ်ချင်းတို့ရေ …..
ငါ့ကိုယ်ငါ ပြန်ချစ်သွားတယ်။
ခုထိလည်း ဘာမှ မရှိသေးပါဘူး။