သူ့ အပြုံး
ငါ့ညီပြောင်ဝင်း မောင်သစ်ဆင်း…….
မင်းကိုသူမဲ လူပုံထဲ၌
ဆဲဆိုရိုင်းပျ သူရန်စလည်း
မင်းကမဖြုံ မင်းမမှုန်ခဲ့ 
မတုန်မလှုပ် မင့်ပြုံးရုပ်သည်
ဟုတ်လှပေစွ ဟုတ်ပေစွ ။
အခါတစ်ပါး မြတ်ဘုရားကို
ပုဏ္ဍားဒွါဇ အမျက်ရှ၍
ငါဆနင်ပဲ မျိုးစုံဆဲ၏
ဆိုဆဲအားရ ထိုခဏ၌
ဗုဒ္ဓဘုရား ထိုပုဏ္ဍားနှင့်
စကားချီချ ဆိုခဲ့ ကြ ။
” ဘာရဒွါဇ ဗြဟ္မဏ…….
အိမ်ဝရောက်လာ သင့်ဆွေညှာအား
ရသာချိုအေး ခဲဖွယ်ပေး၍
မကျွေးသလော ကျွေးသလော “
” ငါ့ဆွေ ငါ့မျိုး ငါမြတ်နိုး၍
မုန့်မျိုးစုံစွာ သုံးဆောာင်ပါဟု
ငါကျွေးမွေး၏ ငါပေး၏ “
“ဘာရဒွါဇ ဗြဟ္မဏ…….
သူကငြင်းဆန် လက်မခံသော်
ကြံပျားဆီဥ ခဲဖွယ်စုသည်
မည်သူ့ လက်မှာ ရှိသနည်း “
” သူမယူဘိ နေသည်ရှိသော်
ငါ၏လက်မှာ ရှိသည်သာ “
“ဘာရဒွါဇ ဗြဟ္မဏ……
ငါ့အားသင်ပေး မယဉ်ကျေးသည့်
ဆဲရေးတိုင်းထွာ ဆဲတစ်ရာကို
ငါလက်မခံ ” မိန့်လိုက်ဟန်သည်
သုတ္တန်ထင်ရှား ရှိတကား ။
ငါ့ညီပြောင်ဝင်း မောင်သစ်ဆင်း……
မင်းသိမသိ ငါမသိခဲ့ 
ငါသိသည်မှာ သိရုံသာတည့်
မင်းမှာတမူ ယူမတူတို့ 
ငြူစူမှိုင်းမှုန် အဆဲစုံ၌
မတုန်မလှုပ် မင့်ပြုံးရုပ်သည်
ဟုတ်လှပေစွ ဟုတ်ပေစွ ။ ။
ဇော်ဂျီ
ငွေတာရီ မဂ္ဂဇင်း၊ အတွဲအမှတ် ( ၃၁ ) ၊မေလ ၊ ၁၉၇၁ ။
Comment #1
Likes 🙂