untitled
ကြယ်ကြွေမှာကို ထိုင်စောင့်သတဲ့
သောက်ရူးလို့ ခေါ်လည်း
ဒီကောင် မနက်ထိပါမလာဘူး။
Nemesis လူဖြစ်လာကတည်းက
သမုဒ္ဒရာအောက်မှာပဲ ငါလမ်းလျှောက်နေကျ
မပြောမဆို
တိမ်တွေကြားခေါ်ခေါ်သွားပြီး ခဏခဏပစ်ချမှတော့
အဖျားတက်နေတာ
လိုက်သွားမိတဲ့ငါ့ရဲ့အပြစ်ပဲ။
အားမရှိတဲ့ မျှော်လင့်ခြင်းတွေ
စကားလုံးမဲ့ အာရုံတွေနဲ့
နောက်ဆုံး ဆေးလိပ်တစ်လိပ်ကို ထိုးချေလိုက်ရမှာ ကြောက်သလို
မနက်ဖြန်တွေလည်း မရောက်ချင်တော့ဘူး။
နားမလည်တဲ့ဘာသာစကားတွေ များလာတယ်
လမ်းဖြောင့်ဖြောင့်မလျှောက်တတ်မှန်း သိလာတယ်
ဆန့်ကျင်ဘက်ဆိုတဲ့ စကားလုံးမှာ
ကျောခြင်းကပ်နီးစပ်ခြင်းဆိုတဲ့ ခြောက်ချားစရာ အာရုံကိုရတယ်။
ကတ္တရာလမ်းတစ်ခုလို
မြေကြိးပေါ် မည်းမှောင်ငြိမ်သက် လဲလျှောင်းနေချင်ပါရဲ့
ငါ့ ကျောပေါ်ကအရေးအကြောင်းတွေကို ထားလိုက်ပါ
အဲ့ဒါ လူ့သတ်မှတ်ချက်တွေ
ငါနဲ့မဆိုင်… ငါ့ကိုဖြတ်သန်းသွားမယ့်သူနဲ့ပဲ ဆိုင်တယ်။
တခါတလေ ပုံပြောကောင်းတယ်
တခါတလေ စာမတတ်ဘူး
တခါတလေ ယဉ်ကျေးပေမယ့်
တခါတလေ ရိုင်းစိုင်းပြီး လူဆန်ဆန်ရူးတယ်။
နာကျင်မှာကို မကြောက်တတ်ခဲ့ဘူး
နောင်တလည်း မရှိခဲ့ဘူး
စိတ်ပါလက်ပါပြောချင်တာ တစ်ခုထဲ
… … …
မပြောလည်းကြားပြီးသားပါပဲ။
NMT
6/07/2010
14:33
Comment #1
စိတ်ပါလက်ပါပြောချင်တာ တစ်ခုတော့ရှိတယ်…
ကဗျာကအရမ်းကောင်းနေတော့လေ..title.. လေးတော့ပေးသင့်သလားလို့