ဦးထုပ်ထဲကနွေ (မင်းခိုက်စိုးစန်)
လူမမာတစ်ယောက်လိုပါပဲ။
ကမ္ဘာကြီးရဲ့ လျှာအောက်က သာမိုမီတာထိပ်ဖျား …
ပြဒါးတွေ …
ပေါက်ထွက် လျှံကျလာတော့မတတ်
ကောင်းကင်ကြီး စုတ်ပြတ်သွားအောင် ပူတဲ့ “နွေ” ။
အပြင်မှာ
ဖုန်မှုန်ဝါညစ်ညစ်၊ ပိုးလောက်လန်း ထူလပျစ်ထ၊
ခြောက်သွေ့ပွရှုပ်၊ သစ်ရွက်ကွဲစုတ် ဖုန်ကပ်ပေလူး၊
စိတ်ကူးတွေ ဖြူဖတ်ဖြူရော် ဖြစ်။
အခန်းကျဉ်းလေးထဲ ညှီစို့ပူနွေး
လေ အဟောင်းအဆွေးတွေ၊ ပိတ်ညပ်။
အ … သက် … ရှူ … ရ … ကျပ်တယ်။
ငါရယ် …
ပုပ်ရိနေတဲ့ ငါ့အလောင်းရယ် …။
အင်း! ထိုင်နေဖို့ပဲ ကောင်းတဲ့ … “နွေ” ။
နွေဟာ …
ရန်ကုန်နဲ့ မန္တလေး မြို့ကြီးနှစ်မြို့ကို
“ရုတ်တရက်” သုံးလက်မလောက် ပုဝင်သွားစေခဲ့။
ပြီးတော့မှ၊ … အပူဆန့်ကိန်း နိယာမနဲ့
ပျော်ကျပြန့်ထွက်၊ ပက်လက်ကြီးတွေ စီးဆင်းကြ …။
ပြောပြစမ်းပါ
ငါ့သူငယ်ချင်းတွေ ဘယ်ရောက်နေကြပြီလဲ ???
နွေဟာ …
သူ့ဘောင်းဘီအိတ်ထဲ
ကြေကွဲခြင်းနဲ့ နောင်တတွေ အပြည့်အသိပ်ထည့်ယူပြီး
ငါ့အခန်းထဲ တိတ်တိတ်ကလေး ဝင်လာခဲ့
ဟေ့ … ငါလှည့်ပြီး ဖမ်းလိုက်ရမလား။
ကောင်မလေးရေ …
တစ်ခုခု အယုအယခံချင်နေတဲ့ နွေဥတုအဖို့
ငါတို့ ဘာများလုပ်ပေးရင် ကောင်းမလဲ … ?
… … …
တောက်! နည်းနည်းတော့ နောက်ကျသွား …၊
တကယ်ဆို၊ အားနာပါးနာပဲဖြစ်ဖြစ်
မင်း နဲ့ ငါနဲ့ ချစ်ခဲ့ကြဖို့ကောင်းတာ …။
မင်းခိုက်စိုးစန်
May 1994
———————————————
ဤကဗျာများအား စုစည်းပြီးပေးပို့သော ဆရာ ခွန်းချိုငြိမ်းချမ်း နှင့် တင်ဖို့အတွက် ခွင့်ပြုချက်ပေးသော ဆရာမင်းခိုက်စိုးစန်အား poemscorner မှ အထူးကျေးဇူးတင်ရှိပါသည်။
Comment #1
တောက်! နည်းနည်းတော့ နောက်ကျသွား …၊
တကယ်ဆို၊ အားနာပါးနာပဲဖြစ်ဖြစ်
မင်း နဲ့ ငါနဲ့ ချစ်ခဲ့ကြဖို့ကောင်းတာ …။