စိတ်
၁။ ဏုမြူလက်နက် စွမ်းအင်ထက်လည်း
မဖက်ပြိုင်ရာ စိတ်ကသာ၏
လျှပ်ဝါမိုးကြိုး လျှင်တန်ခိုးလည်း
တူနိုးဆိုင်လာ စိတ်ကသာ၏
မဟာသမုဒ် နက်လှဟုတ်လည်း
မယုတ်မှန်စွာ စိတ်ကသာ၏
ဝါယောအနှံ့  ပျံ့ သည်ထက်လည်း
ကဲတက်သင်္ချာ စိတ်ကသာ၏
မဟာပထ၀ီ လေးသည်ထက်လည်း
စီးသည်ချိန်မှာ စိတ်ကသာ၏
စွမ်းပါဘိခြင်း သည်စိတ်မင်း ။ ။
၂။စွမ်းပါဘိခြင်း သည်စိတ်မင်းကို
သိမ်းသွင်းမပိုက် အလိုလိုက်က
မိုက်၍မဆုံး ကမ္ဘာသုဉ်းလည်း
မိုက်ဦးမည်သာ မတန်ပါတည့်
ကောဓာကြီးသူ စိတ်မူအထဲ
ငရဲမီးလျှံ လောင်ရှိန်ထန်၏
ထက်သန်ရာဂ ထူလှသသူ
စိတ်တွင်မူကား ညှို့ ယူငင်ငြား
စပါးကြီးမြွေ အမြဲခွေ၏
မိုးမြေမမြင် စောင်မာန်အင်နှင့်
ငါပင်ငါသာ နှိုင်းစရာဟု
မောက်မာသသူ စိတ်ဝယ်မူကား
လူလူစွင့်ကွန့်  မီးပုံးပျံလျှင်
တရံမစဲ ပျံတက်ကဲ၏
ပုလဲအတူ ဖြူစင်သူတော်
စိတ်၌သော်မူ ရှင်ကျော်ပရမေ
ကိန်းလျှက်နေသည်
ထွေထွေဖန်ဆင်း စိတ်ဇာတ်ခင်း ။ ။
၃။ ထွေထွေဖန်ဆင်း စိတ်ဇာတ်ခင်းကား
ကျယ်ဝန်းလှဘိ တိုင်းမသိတည့်
နှိုင်းချိတင်တင် ရှုဆင်ခြင်သော်
ကြည်လင်သဒ္ဓါ ရွှင်ဖြာပွားပြုံး
သူ့ နှလုံး၌ လှဆုံးတင့်ဆန်း
မြတ်လေးပန်းလည်း ပွင့်လန်းသွယ်သွယ်
ရနံ့ ခြယ်၏ ။
နှုန်းဆွယ်ကိုယ်ချင်း စာနာလျှင်း၍
ပိုက်သွင်းမြဲစွာ ကရုဏာကို
စွဲပါသသူ သည်းဝယ်မူကား
ဆူဆူတောင်ယံ သတ္တမ္ဘန်မှ
စံဖွယ်ကြည်သာ ယဉ်သီဒါလျှင်
လွန်စွာဧစိမ့် ခွေဝန်းငြိမ့်၏ ။
မယိမ့်မယိုင် ကြံ့ခိုင်မှန်စွာ
သစ္စာစောင့်သူ ၀မ်း၌မူကား
တူလတာရာ ချိန်စဉ်းသာလျှင်
ရောင်ဝါတည့်မွန်း အစဉ်ရွှန်း၏ ။
စံညွှန်းပြဖွယ် ပညာကြွယ်၏ ။
စိတ်ဝယ်မဏိ ဇောတိရသော်
မျက်ဝေရော်က
မနော်မယ ရတနာတို့ 
ထွန်းပလျှံလက် ရောင်ပျိုးပြက်သည်
စိတ်စက်ဖြစ်ခင်း တွေးကြံလျှင်း ။
၎။ စိတ်စက်ဖြစ်ခင်း တွေးကြံလျှင်းသော်
ဆုံးခြင်းသို့ ပင် ရောက်မထင်ခဲ့ 
ဆင်းသွင်မျိုးပြား ရှုရင်းပွား၍
မခြားတိမ်နှယ် အသွယ်သွယ်တည့်
သွက်လှယ်သတိ စေစားဘိမူ
သတ္တိရှိသူ စိတ်၌မူကား
လိုဏ်ဂူခြင်္သေ့ 
ချမ်းမြေ့ တည်ကြည် မွေ့ လျှော်သည်တည့်
လူရည်ညံ့ညံ့ ငကြောက်ရွံ့ ၏
နောက်တွန့်စွဲသုံး သည်းနှလုံးဝယ်
အရှုံးကိုပင်
ပေးချင်ဆက်ဆက် ဦးခေါင်းဝှက်သည်
ငှက်ကုလားအုပ် မှိုင်ကုပ်ကုပ်တည့်
ညစ်ပုပ်စဉ်းလဲ ဖောက်လွဲယုတ်မာ
သစ္စာယွင်းကွက် ခင်ပွန်းဖျက်၏
ကွယ်ဝှက်ဝမ်းတွင်း ထဲစိတ်ရင်းသော်
လျှိုကျင်ကမ်းပါး ပုန်းစားမြေခွေး
တောင်ကွေးဝင်္ကဘာ များလှစွာ၏ ။
ပညာမရှိ မသိဆိုးရွား
သူ စိတ်အားမူ ဖိထားပိတ်သန်း
မှောင်ထုလွှမ်း၍ မထွန်းဥာဏ်ဝါ
မိုက်နက်စွာ၏ ။
ဗျာပါဝိတက် နှောင့်ယှက်ပူပင်
ဘ၀င်မငြိမ် သည်းသည်းအိမ်တွင်
မိန်သန်လေရူး ယောက်ယက်ကူးလျှက်
ဝှေ့ လူးသုန်သုန် ခိုးမြူအုံလည်း
မှိုင်းမှုန်ရီပြာ လွှမ်းအုပ်ကာ၍
ပညာသတိ သိဝေဘိသည်
စိတ်၏အဆင်းထုပ္ပတ်ကျဉ်း ။ ။
ပါမောက္ခ ဦးဧမောင်
Comment #2
ကိုလိုနီလား လ ွတ် လပ်ရေး ခေတ် လားဗျ
Comment #1
အရမ်းကြိုက်လို့ ပါ။ နဲနဲရှည်ပေမယ့် ဆရာကြီးရဲ့  အရေးအသားကို ကြိုက်လွန် လွန်းလို့  တင်ပေးလိုက်ပါတယ်။ သူငယ်ချင်းများ အရသာရှိရှိ သုံးဆောင်နိုင်ပါစေ