နတ်မြင်းပျံများရဲ့ ပုံပြင် (ကြည်အေး)
လူတို့ရွာနဲ့ လွန်စွာကွာဝေး
သဲသာသောင် ဖြူလဲ့ဖွေးလို့
မြစိန်ရွှေငွေရောင် ဂယက်ပြေးတဲ့
ပင်လယ်လျှို ချောင်ဝိုက်ကွေးနဲ့
တောင်ကျွန်းသာ ပြာရီအေးခဲ့
တောအုပ်မြိုင်လဲ သစ်ရည်ကျွေးတော့
နေမဝင့်တဝင် မနားချင်သေးလို့
ပြေးလွှား ခုန်ပေါက်
လက်ကျောက် ခြေကန်
ခွာပေါက်ဟန် မြည်ဆူညံလို့
ရယ်မော မြင်းဟီသံတို့
လည်ဆံ မြိတ်နွယ်
မြီးတန်သွယ် လွင့်ကြဲပြီး
ပျံဝဲကြဟန် လေကိုဆန်မှ
နတ်တို့ဖန်သည် တောင်ပံရိုက်ပြန်ကြ
တိမ်တိုက်စွန်းမှ
လဝန်းထွက်ပြူ
ကြယ်ပြူဖန်မှန်
ရောင်ပြန်ဟပ်ဆဲ
စုံဆန်ဖြတ်ကူး ဖိုမမြူးလို့
ဝေဟင်ရေပြင် မြေလွင်ပြင်မှာ လူးလွန့်လို့
ထူးခြား စွန့်စား ဆန်းကြယ်
ကိုယ်အမွေး ဖြူဖွေး ဖိတ်ဖိတ်ချယ်သည်
ထည်ဝါဘိခြင်း ငွေအဆင်းရှင့်
သင်းအုပ်ဖွဲ့ပြန် နတ်မြင်းပျံတို့
လည်တန်ရှည်နွဲ့မှီ
နှုတ်ခမ်း-တွေ့နမ်း ပလီကြ
ဝါကျွတ်ပြီ ကြုံကြိုက်
နှစ်ခြိုက်ခုံမင်
မိတ်လိုက်မည် ပြင်ကြ
တောအဝင်-သဘင် စခဲ့ပြီ။
နတ်၏သမီး
အထီးတည်းနိုင်သော
တစ်ခုသော နတ်မြင်းပျံမူကား
သူတကာ အများနဲ့မတူ
ကိုယ်လုံးဆွတ်ဆွတ်ဖြူပါလျက်
ထူထဲရှည်လျား လည်ဆံဖွားနှင့်
မြီးဖျားသွယ်နွယ်
တစ်ခဲနက် မည်းပြက်မှောင်ရောင် ယှက်ပြီး
ဘယ်ညာ အတောင်ပံကားမှာ
ဖဲကတ္တီ မဲခြည်သားပြန်ခဲ့
တိမ်ယံအကြား သူပျံလွှားလျှင်
ဖြူနက်တစ်ဝက် အဆင်ထင်ရှား
ရှားပါးခြားနား
အန္တရယ် တကယ်များသူပေပဲ
ချစ်သနား စိုးရိမ်လွန်
တစ်အုပ်ဖွဲ့လုံး ပူပန်ကြ
လာလတ္တံသော ဘေးရန်မှ
ဖုံးဝှက် ကာကွယ်မှန်သော်လဲ
တစ်ခါတစ်ရံ မာန်မာန
သူ့အလှ သူယုံကြည်ပြီး
ဟိုသည် ကျော်ခုန် ကြွားဝင့်
တစ်ကိုယ်တည်း လွှင့်တတ်သည်။
တစ်ခုသော နတ်မြင်းပျိုမူ
ရင်လှိုက်ဖို ငိုချင်မဆုံးခဲ့
မောင့်နှလုံး ပူအုံးနာကျင်
တသက်သက် မက်မောခုံမင်ခဲ့
အကြင်မြင်းငယ် နတ်မိမယ်ကို
မောင် ဘယ်လို ဟန်ပေး
မလွန်ခင် ယူငင်ထွေးရပါ့
ဘယ်ဆေးဝါး ကျွေးခွံလို့
လွတ်အံ့သော နေရာ
ဘယ်တောင်ပံ အုပ်ဖြန့်ကာပြီး
ခေါ်ရပါမလဲ-
ဘယ် ကံကြမ္မာ ခိုမှီးလို့
နှီးနှော ချစ်ကျွမ်း အောင်မြင်
မောင့်ရင်ခွင် ပြန်ခိုဝင်အောင်
ဘယ်လို ခေါ်ငင်ရပါ့-
အစဉ်သည်မှာ မြဲနေ
မျိုးတူ၊ သွေးတူ အဆွေတို့နှင့်
သေသည်အထိ သက်ဆုံးတိုင်
မောင် ဘယ်လို ပိုင်ဆိုင်ရပါ့-
တောမြိုင်၏ သီချင်း
နေမင်း၏ သွေးနီ
ပူနွေးသည့် ရေလှိုင်း
တောင်ဝိုင်းရံသော
စိုထိုင်း သွန်အန် ရေပေါက်နှင့်
ပန်းဝတ်ဆံ ပျံကြွေရောက်ခဲ့
တောင်မြောက် ဟင်းလင်းပြန့်
ရှင်းသန့်သန့် သောင်ပြင်ဖြူမှာ
နှစ်ကိုယ်တူ ပြေးစိုင်းခဲ့သော
ရက်များစွာ မကြာမောသေးပါလျက်
နှမရွေ့လျော့ မေ့မောရက်ပြီ
မဆည်တန့် နိုင်ရေး။
ဆုံးရှုံးခဲ့ပြီထင်
နာကြည်း သည် ဘဝင်နှင့်
မြင်လိုက်သည် နေရီပွင့်မှာ
မြီးဆံ လည်ဆံ တလွင့်လွင့်
တစ်ဝက် မည်းဖြူ တောင်ပံဖွင့်လို့
တိမ် အဆင့်ဆင့် ကျော်လွှား
မဆင်ခြင် မစဉ်းစား
နတ်မြင်းမိငယ် နယ်ကျွံမှားရှာဆဲ
ကစားခြွေရံနဲ့
ရှင်ဘုရင် တောလည် အပြန်မှာ
စုံမက် လိုချင် လွန်သတဲ့
စစ်သား အင်အားသွန်လို့
မရအရ ဖမ်းယူပြန်တော့
သေနတ် ကျည်ဆန် မှန်ပြီး
တောင်ပံ ကျိုးပဲ့
နှမ မြေသက်ခဲ့ပြီ
ပဲ့တင် မုန်တိုင်းလဲ
အုပ်ဆိုင်း လျှပ်ပြက်ထန်ခဲ့
အားလုံး နတ်မြင်းပျံတို့
ဘေးရန်မှ လွတ်ရာ
ခွာပြင်းအသော့ စိုင်းကြတော့လျှင်
တစ်ကြော့လည်ပြန် ကြောက်ရွံမှန်ပါလဲ
ကျန်ရစ်ခဲ့ နတ်မြင်းပျို
ကျောက်ဆောင်ရေစွန်းမှာ ခိုပြီး
ငိုယိုတစ်ဝက် မပြေးရက်ရှာဘု
လှိုင်းပျက်စီးဖော့ မျှော်ကြည့်တော့လျှင်
တောင်ပံလျှော့ ရုပ်သိမ်း
နှမ စိမ်းကား
ချုပ်ထိန်း ဖမ်းဆီးသူကို
လက်ကမ်းယူ ကြိုသတဲ့
ဝင်ခို ကြည်ဖြူရက်ပါပေ့
ကျောက်မျက် ရတနာစီလဲ
ရွှေကြိုးကို လည်မှာ ချည်လိမ့်မယ်
ပတ်လည်ကာရံ ဆီးတား
နန်းတော်၏ အမှတ်အသား
ခြံစည်းရိုး မြင့်မားသည်ကို
နှမ ရံခါ ရောက်မှားလျှင်
သေနတ်ဒဏ်ရာရဲ့ စကား
မခုန်ပျံ မကျော်လွှားနိုင်တော့
တအား ငယ်ချင်ရှာလိမ့်မယ်
မကယ်သာ မခံချိ
မလှန်သာ တွယ်တာမိသူမှာ
ဝဲကြမ်း လေထန် ဖိပြန်ငဲ့
လှိုင်းထိသည့် မောင့်တောင်ပံ
မပျံနိုင် ရေဒဏ်သင့်ခဲ့ပြီ
ပင့်သက် ရှူမဝ
ခြေကုန် လက်ပန်း ကျခဲ့ပြီ
အလဟဿအချစ်
အိမ်ပြန်မလှ ဖြစ်ခဲ့ပြီမို့
ဘဝ အခြေမမှန် ကာရန် မသစ်ချင်ဘု
နှမသာ ရွှေမြေမှာ စံကာ ကျန်ရစ်တော့
နတ်မြင်းပျံ ရေငန်ညစ်မှာ
နစ်ခဲ့ပြီလေး။
ကြည်အေး
(ဖူးငုံပွင့်သစ် ၁၉၉၇ မှ)
Comment #2
ဖတ်လိုက်ရတဲ့အရသာ……………….
Comment #1
ဘယ် ကံကြမ္မာ ခိုမှီးလို့
နှီးနှော ချစ်ကျွမ်း အောင်မြင်
မောင့်ရင်ခွင် ပြန်ခိုဝင်အောင်
ဘယ်လို ခေါ်ငင်ရပါ့-
အစဉ်သည်မှာ မြဲနေ
မျိုးတူ၊ သွေးတူ အဆွေတို့နှင့်
သေသည်အထိ သက်ဆုံးတိုင်
မောင် ဘယ်လို ပိုင်ဆိုင်ရပါ့-
ကောင်းလိုက်တာဗျာ…..ကျေးဇူးမဖြိုးဖြိုး