ကျော့ကျော့ခိုင်(သို့မဟုတ်)နောက်ပြန်ဆုတ်တဲ့မီးရထား ( ခိုင်မြဲကျော်စွာ)
တစ်ယောက်ကိုတစ်ယောက်
ကော်နဲ့ကပ်ခဲ့
ပြီးတော့
တစ်ယောက်ကိုတစ်ယောက်ဆုတ်ဖြဲခဲ့
ကျောက်တုံးနှစ်တုံး ပွတ်ခတ်လိုက်တဲ့မီး
(သို့မဟုတ်)သမီးလေး
သွေးစို့တဲ့ အရင်းအနှီးဖြစ်တယ်။
မိန်းမတစ်ယောက်ဝင်ငွေများတာ မီးတောက်လား
ယောက်ျားတစ်ယောက်ဝင်ငွေနည်းတာ မာနလား
လင်နဲ့ မယားဆိုတာ
ဆွေမျိုးမဟုတ်တဲ့ သူစိမ်းတရံမဟုတ်လား
အရက်ဓားနဲ့ ထိုးတယ်။
ဆေးရုံကုတင်ပေါ် သမီးလေးပက်လက်
ဆေးရုံကြမ်းပြင်ပေါ် ကျော့ကျော့ခိုင်မျက်ရည်စတွေပက်လက်
မျှော်လင့်ချက်သက်တန့်တွေ ဓာတ်လိုက်ပြီး
စားလို့ကောင်းတဲ့ အသီးအပွင့်တွေ
အဆိပ်သင့်ပြီ။
ဘာကောင်းသလဲ
အချစ်ဆိုတာ ကိုက်တတ်တဲ့ခွေးပဲ။
နောက်တော့
ကျော့ကျော့ခိုင်တစ်ယောက်
သူ့ပုဆိန်ကို သူမြှောက်တယ်
သူ့သစ်ပငါကို သူပေါက်ခွဲတယ်
သေမှာ
မကြောက်တော့ဘူး။
စိတ်ထားကောင်းတဲ့ ကြိုးတစ်ချောင်း
ပုံပြင်ဟောင်းကို ပြန်မချည်တော့ဘူး။
ကျော့ကျော့ခိုင်
သို့မဟုတ် နောက်ပြန်ဆုတ်တဲ့မီးရထား
သမီးဖိနပ်လေးတစ်ဖက်ကိုင်ထားရင်း
ဘာမှ
မစဉ်းစားတော့ဘူး။ ။
ခိုင်မြဲကျော်စွာ
မုခမဂ္ဂဇင်း-၂၀၀၃
Comment #2
ကြိုက်တယ်ဗျာ
Comment #1
ဘယ် အချိန်ပြန်ဖတ်ဖတ် ထိထိ ခိုက် ခိုက် ခံစားရတဲ့ ကဗျာလေး…