လမ်း ၃၀ ထိပ်က ခရမ်းသို့ (ခိုင်မြဲကျော်စွာ)
ခရမ်းရေ…
အပြောင်းအလဲဆိုတာ ကြိုးခွေပဲ
သည်တစ်နွေ
ပြီးတော့၊ နောက်အသစ်တစ်ခွေပေါ့။
ငါပြောင်းထိုင်တဲ့ လက်ဖက်ရည်ဆိုင်
မိုင် ၅၀ ဝေးတယ်။
မနက်ခင်းစာသောက်ဖွယ်စာရင်းက
မင်းသတင်းမရဘူး။
ခုတော့ တစ်ယောက်တည်းလျှောက်နေရ
တစ်ယောက်ခြေထောက်ပေါ် တစ်ယောက်မှီရပ်ရတဲ့
ကမ္ဘာတစ်ခြမ်း
လွမ်းတယ်။
ဒီတစ်ခါ
မင်းလာရင်
သဘာဝသမိုင်းပြတိုက်သွားမယ်
နှစ်သန်းပေါင်းများစွာက ဝေလငါးတွေ ကြည့်မယ်
အစားခံရတဲ့ဘ၀ဆိုတာ
တို့လိုအဓိပ္ပာယ်ထပ်တူပဲ။
မင်းဓားမြောင်စိုက်ထားတဲ့ ဆိုက်ပရပ်စ်လမ်း
လူဖမ်းသင်္ဘောနဲ့ ကပလီပင်လယ်
ကြောက်မက်ဖွယ်ရာ အိပ်မက်အပြန်လမ်းထဲ
မင်းကို
အိမ်တံခါးက အမေအို မမှတ်မိနိုင်တာလည်း
ဖြတ်သန်းခဲ့ပြီးပြီပဲ
ဝံပုလွေ လာဆင်ကိုချစ်တဲ့
မိန်းမနဲ့ သမီးနှစ်ယောက်ကိုချစ်တဲ့
အလေအလွင့်ဓားချက်များနဲ့ ကမ္ဘာကြီးကိုချစ်တဲ့
မင်းသွေးတွေ
တစ္ဆေသင်္ဘော မျောနေတုန်းလား။
ခရမ်းရေ
ဒေါသကြီးတဲ့ ငါးလည်းသေတယ်
ပုံတိုပတ်စပြောတတ်တဲ့ ငါးလည်းသေတယ်
လောကရဲ့ အလွယ်ဆုံးအလုပ်ဟာ
သေတာမဟုတ်လား
ဘာကြောင့်များ
အခြားသံသရာမှာ လူမြင်ခံဦးမှာလဲ။
ရတနာသုံးပါးဆည်းကပ်ပါ။
တရားရှုမှတ်ပါ
ကြားဖူးနားဝ တစ်ဝဂူတို့ရဲ့ အဖြစ်အပျက်တို့
လွတ်မြောက်ဖို့ ကြိုးစားပါ
လမ်း ၃၀ ထိပ်မှာ
ထူထောင်နေတဲ့ မင်းရဲ့အရိပ်ကို
မြေကြီးလို ဖြန့်ခင်းလိုက်စမ်း
ခရမ်း….။
ခိုင်မြဲကျော်စွာ
ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း-၂၀၀၃
Comment #1
ဆရာ့ကဗျာတွေကိုဘယ်လိုပဲဖတ်ဖတ်အရသာမပျက်တမ်းပဲ…….