ခရမ်းပြာဝိုင် (၅)
စပယ်မြစ်ပေါ်က
နှင်းဆီရွက်လှေငယ်
ချယ်ရီကန္တာရကိုဖြတ်ဖို့ 
သစ်ရွက်ဖိနပ်လေး
မေ့ကျန်ခဲ့သေးသတဲ့ …။
ခရမ်းပြာရောင်သမ်းလို့
အလွမ်းနဲ့ ဖြည့်ထားတဲ့ဝိုင်ခွက်
သစ်ခွပွင့်ပေါ်
အိပ်ပျော်ကာနေလေရဲ့
ညီမလေးရေ ….
ဘာပဲဖြစ်ဖြစ်
နှစ်ချို့အောင် သိမ်းထားလိုက်ပါ့မယ်။
ကန်ရေပြင်အမှောင်ည
ကွဲအက်ရှတဲ့ လရောင်ခြည်လို
မပီဝိုးဝါး နီးဝေးခါးသီးစိမ်းမြ
ရာမယန သမင်လိုက်ခန်း
လွမ်းလိုက်တာကွယ်။
ဆဟာရမှာ
ပျပျလေးမြင်နေရတဲ့
သက်တန့်ရဲ့အဆုံး
ကိုယ်သွားရှာဦးမယ်
လိုက်ခွင့်ကြုံရင်တောင်
မခေါ်ရက်ပါဘူး ကလေးရယ်
ကန္တာရမှာ …
ကော်ဖီဆိုင်မရှိ
ဝိုင်မရှိ ..
နှင်းဆီမရှိ ..
… … မရှိ၊ … … … မရှိ။
နှင်းဆီရိုးတွေအပြည့်နဲ့
ငရဲပြည်က ရွာချတဲ့မိုးရေ …
ခါးနေသလိုလို
သကြားတွေချိုချိုနဲ့
ငိုလို့လဲမရ
အမှတ်တရဆိုတာ
တရံတခါမှာ
အနာရွတ်ဟောင်းတစ်ခုလို
ပြန်ပြောင်းမြင်ရင်
နာကျင်စေတတ်လွန်းလို့
ငါ …
ဘာကိုမှ
သိမ်းမထားချင်တော့ဘူး။
အခုတော့လဲ
အားလုံး အကုန်လွှင့်ပစ်လိုက်ကာမှ
မင်းပုံရိပ်လေးတစ်စ
ရင်ထဲမှာ မှိန်မှိန်လေး လာကျန်နေသေးတယ်။
ပြန်လာခဲ့ရင်တော့
ကန္တာရမှာ ….
မိုးရွာရင်
ခရမ်းပြာပန်းတခင်းဖြစ်တယ်ဆိုတာ
ကိုယ် မင်းကိုပြောပြနိုင်ပါလိမ့်မယ်
အလွန်ဆုံးရှိလှ
တစ်ထောင့်တစ်ညပေါ့ ..
ညီမလေးခရမ်းပြာရယ် … … ။
Comment #1
ကော်ဖီဆိုင်မရှိ..ရင်တော့လိုက်ဘူး..