Professional Authors

ထင်မထားတဲ့ အရိပ်

 

ထင်မထားတဲ့ အရိပ်

 

လူသာလာပါ

အရိပ်ကို ခေါ်မလာပါနဲ့

ထင်မထားတဲ့ အရိပ်က

ငါ့ကို တစက္ကန့်ချင်း သတ်နေတယ်

 

အတိတ်ကို ခြေရာကောက်ကြည့်တော့

ဘေးကျပ်နံကျပ် အရိပ်က

မျက်နှာဖုံးတွေ ပူးချည်ကပ်ချည်

စိတ္တဇ စုတ်ချက်တွေ

အရောင်မျိုးစုံ ဖိနပ်တွေနဲ့

ကမ်းမကပ်နိုင်တဲ့ လှေ

 

ဘယ်နှစ်နာရီ ထိုးပြီလဲ

အရိပ်က မွန်းတည့်

ငါက နေမင်းကို ဆွဲခေါ်ဆဲ

 

အဝေးကို မျှော်တယ်

ဆက်လျှောက်ပေမဲ့

နောက်ကျကျန်ခဲ့မှာ ကြိုသိ

စိုချင်စိုပါစေ

….. …. မခိုတော့ဘူး ။

 

အမှောင်တံခါးရွက်ကို တွေ့တော့

အရိပ်က ရယ်တယ်

ငါက ငိုတယ်

 

ဆည်းလည်းသံ အလင်းတချက်ပွင့်တော့

ငါက ရယ်တယ်

အရိပ်က ငိုတယ်

 

အရိပ်နဲ့ မျက်နှာချင်းဆိုင်ရပ်တော့

ငါ့ကိုယ်ငါ တွေ့တယ်

အရိပ်က ငါ့ကို ဖယ်သွားချိန်

ငါ …… မှိန်ဖျော့ပျောက်ဆုံး

မငိုသော အပြုံးနဲ့ ။

 

ချီရွန် ( ပုလဲ )

 

Death is the dark backing a mirror needs if we are to see anything.

Saul Bellow

ဒီဒဿနလေးကို မှီငြမ်းပြီး ရေးထားတာပါ။ ဆရာတာရာမင်းဝေရဲ့ မျက်နှာနှစ်ခုနဲ့ လူ အက်ဆေးက အသိအမြင်ကို သေခြင်းတရားဘက် နွယ်ပြီး ပေါင်းစပ်ရေးဖွဲ့ထားပါတယ်။

In: ကဗျာ Posted By: Date: Aug 12, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment