တံပိုးရှိုက်သံ
အောင်ပွဲဝင် တံပိုးခရာသံတွေကြား ငါ့နှလုံးသား အတုံးအရုန်းနဲ့ မရှုမလှ ကျဆုံးခဲ့ပုံများ သွေးပျက်လုလုပါလား သခင်ရယ် ….. မိန်းမသားမှာ အချစ်ဆိုတာ စစ်ဆိုတာထက် ပိုပြီး တရှိုက်မက်မက် ပျက်စီးစေတယ်ဆိုတာ သိခွင့်ရခဲ့ပါပြီလေ …. သိန်းငှက်တစ်ကောင် မာန်ဟုန်ဆောင်တဲ့ အောင်လံတလွင့်လွင့် ရွက်တိုင်ဆင့်မှာ အာဃာတစစ်ပွဲက တခမ်းတနား အောင်ပွဲယူနေလိုက်တာ သွေးချင်းချင်းနီနေတဲ့ ပင်လယ်ပြင်ကိုမှ အားမနာတတ်လေစွ …. တောင်စွယ်လည်း နေကွယ်လုလု ကြေးနီရောင်ဥနေချိန်မှာ ရွှေညိုရောင် ဆံနွယ်လိပ်တွေက ငါ့ကျောပြင်ကို ချော့မြှူ အုပ်မိုးပေးကြတယ် …. လက်စွဲတော် ဓါးရှည်တစ်လက်က တာဝန်ကျေသော ကျွန်ယုံတစ်ယောက်နှယ် ငါ့ခါးထက်က ဓါးအိမ်ထဲမှာ အိပ်ပျော်ရှာလေပြီ ….. ကမ်းစပ်တစ်လျှောက် စစ်ရိပ်စစ်ငွေ့ကြား အုန်းခွံရောင် မြင်းညိုကြီးကို ခပ်ဆတ်ဆတ် ဇာတ်ခွံ့လိုက်တော့ သူ့ဟီသံက စစ်တလင်းပြင်ကို ဟားတိုက်နေသလိုလို ….. သြော် ….. ဘာလိုလိုနဲ့ ဒီတစ်နေ၀င်တာ ငါ့အတွက် စောနေပါသေးလား …. ငြိမ်သက်စပြုနေတဲ့ ပင်လယ်ဟာ သွေးရောင်တွေ မချင့်မရဲနဲ့ ဒဏ်ရာရထားတဲ့ သုံ့ပန်းတစ်ယောက်လို ညဉ်းညူနေဟန် …. ယမ်းငွေ့အူအူတွေပေါ် ပြေးလွှားနေတဲ့ မျက်လုံးအစုံက ကြေကွဲမှု မျက်ရည်စတွေ ပြေးထွက်လာမှာစိုးလို့ မနည်းဟန့်တားနေရတယ် …. သခင် …. ဟိုတစ်ချိန် မြူခိုးအူအူ စစ်သွေးဆူခဲ့တုန်းက မိဿဆိုတာ သခင့်အတွက် မာယာနဲ့အတ္တ အချိုးကျပေါင်းစပ်ထားတဲ့ “ကဝေ”တစ်ကောင်လို သခင့်ရင်ကို မီးဟုန်းဟုန်း တောက်စေခဲ့ရတယ် မလား…. အခုများတော့ သခင့်လက်ရုံးပေါ် ခေါင်းအုံးချင်ခဲ့တဲ့ ဒီမိဿ … ဘာမှပေးဆပ်စရာမလိုဘဲ ဆန္ဒရှိရုံနဲ့ သခင့်အရိပ်ကို အပိုင်လိုချင်ခဲ့တဲ့ ဒီမိဿ ….. ခုတော့ဘာများ တတ်နိုင်ဦးမှာလဲ …. သခင့်လက်ပေါ်မှာ ၀ိဥာဉ်ချုပ်ချင်ခဲ့တဲ့ စစ်ရှုံးသူ မိဿဘ၀ သူသတ်ကုန်း မရောက်တာကလွဲလို့ သေတာနဲ့ဘာများ ပိုထူးခြားလို့လဲ သခင်ရယ် … သခင်သမုတ်ခဲ့တဲ့ “ကဝေ” ဆိုတဲ့ ဟောဒီက မိန်းမကြမ်းရဲ့ ရင်ထဲမှာ အသွေးအသားနဲ့ တည်ဆောက်ထားအပ်သော အသည်းနှလုံး နုနုလေးတစ်ခုက အချစ်ဒဏ်ချက်တွေကြောင့် သွေးခြေဥ တတ်ပါသေးတယ် …. မှင်ရည်စိမ်းညို့ ထိုးကွင်းတို့ရဲ့ ရဲဆေးတင်ပြ အပေါ်ယံ အလှတွေအောက်မှာ လောကဓံကို အံတုနိုင်သော မိန်းမသားဆန်ဆန် အသွေး၊ အသား၊ အရိုး၊ အရည်တွေ ရှိပါသေးတယ် …. စစ်တလင်းပြင်မှာ ရုန်းကန်လှုပ်ရှား အသက်လုထားရပေမယ့် ဟောဒီကိုယ်ပေါ်က သားရေနွမ်းနွမ်း အင်္ကျီကြမ်းအောက်မှာ သံယောဇဉ်ကြီးစွာ အနစ်နာခံတတ်သော အတေးအမှတ်မရှိတဲ့ စိတ်ဝိဥာဉ်တစ်ပါး ရှိပါသေးတယ် ….. သွေးဆာအံ့အံ့ ဓားသွားထက်ကို ပင့်ယူသယ်မ လက်ဖ၀ါးလှမှာ သခင်မသိသေးတဲ့ မိန်းမတစ်ယောက်ရဲ့ လျှို့ဝှက်သိမ်မွေ့မှုတွေ ရှိပါသေးတယ် …. ၀ိဇ္ဇာယမ အရှင်မတစ်ပါးလို မမှိတ်မသုံ ၀ိဥာဉ်ပုံနဲ့ တည်ကြည်နေတတ်သော ကျွန်မရဲ့ မျက်နှာထက်မှာ သခင့်အတွက် မမြင်နိုင်သော လေးလံလှတဲ့ ပေးဆပ်မှုတွေ ရှိနေခဲ့တယ်ဆိုတာ မသိခဲ့လေရော့သလား သခင်ရယ် …. သခင် အလိုမရှိတော့တဲ့ ဟောဒီ မိဿကတော့ သခင့်ရဲ့ ၀တ်မြဲတော် သိုရင်းအင်္ကျီ အဖြူကြီးနဲ့ ကြံ့ခိုင်လှတဲ့ ခန္ဓာကိုယ်ကိုမှ မြတ်နိုးနေတတ်သူ၊ အဆောင်တော်တွင်းမှာ ထိန်ထိန်ညီးနေတတ်တဲ့ ဖယောင်း မီးညွှန့်တွေကြား စက်တော်ဝင်ရာ ခန်းဆီးစနောက်က သခင့်အသံတော်ကိုမှ ရင်ခုန်နေတတ်သူ၊ သခင်ရဲ့ စီးတော်မြင်းဖြူပေါ်က ဒိုင်းလွှားနဲ့ဓား ၀င့်ချီထားပုံကိုမှ တပ်မက်မိနေသူ …. သခင့်ရဲ့ ဘေးမှာ အခြွေအရံ မောင်းမတွေ ဘယ်လောက်များများ မိဿရဲ့ စိတ်က သခင့်အနားမှာ အပါးတော်မြဲနေတတ်သူပါ … ခုတော့ ပြီးခဲ့ပါပြီ သခင် …. အရာအားလုံးဟာ သခင့်ရှေ့မှောက်မှာ ဦးခေါင်းငုံ့ ဒူးထောက်လျှက် အရုပ်တစ်ခုလို ငြိမ်သက်နေကြပါပြီ … အို … အောင်နိုင်သူ သခင် …. စစ်ရှုံးသူ ကျွန်မ ဒီမိဿ သခင့်အပေါ်မှာ အဆုံးစွန်သော ပေးဆပ်ခြင်းဖြင့် အောင်ပွဲအတွက် ပန်းဦးရစ် သရဖူကို ကျွန်မမျက်ရည် မှော်ပန်းတွေနဲ့ အလှဆင်လှည့်ပါတော့ …. ပျားရည်ဇွန်းကဲ့သို့ သခင့်ရဲ့ အောင်ပွဲခံ ချိုမြိန်မှုတွေကို သယ်ဆောင်ပေးဖို့ ကျွန်မရဲ့ နှလုံးသား အရှုံးများကို အသုံးပြုတော်မူလှည့်ပါတော့ ….. သခင့်ဘုန်းသမ္ဘာတွေ မိုးတိမ်နှင့်ပင်လယ်ကြားမှာ ကျောက်တိုင်ကဲ့သို့ မားမားမတ်မတ် ရပ်တည်နိုင်စေဖို့ အောင်ပွဲခံရိုးရာလို တံပိုးခရာကို ရင်ကွဲမတတ်မှုတ်ပြီး မိဿကတော့ အသည်းကြေပျက်ပြုန်း ၀ိဥာဉ်ဆုံးရပါတော့မယ် သခင်ရယ် ……..
တစ်ချိန်ချစ်ပြုံး ကြင်နာတုန်းတော့
သခင့်မိဿ သည်းအူလှနှယ်
ဆွဲယူပိုက်ကြုံး လိုရာသုံးဖို့
တစ်ဘ၀စာ အပ်နှံကာပင်
ခြေရင်းဒူးထောက် ၀တ်ကျေလောက်အောင်
ချစ်သူတာဝန် ထားကျေပွန်လည်း
ခုတော့ပြစ်ယူ မုန်းကြွေးထူကာ
မညှာသက်အား ရက်စက်ငြားဖို့
အာဃာတမီး တောလောင်ဟီး၍
ချစ်ခြင်းပျက်ယွင်း စစ်တလင်းဝယ်
မကြံစည်အပ် ဥာဏ်ဆင်သတ်ရန်
မေတ္တာမဲ့သုန်း ဘ၀ရှုံးအောင်
သခင့်မုန်းမာန် ထက်အားသန်လည်း
မိဿကျွန်မ ဒီဘ၀တော့
ဒီမျှသာပင် တွေးဆမြင်လျှက်
“ကဝေ”မှည့်ခေါ် နာမတော်ကို
မြတ်နိုးခံယူ စိတ်ကြည်ဖြူဆဲ
ဒီရင်ထဲမှ အောင်ပွဲရသူ
ငါ့ချစ်သူအား မုန်းမပွားဘဲ
မေတ္တာတံပိုး သွင်သွင်ကျိုးအောင်
ရှိုက်မှုတ်သွင်းဆက် မျက်ရည်စက်နှင့်
ရင်ကွဲနာကျ ခံစားရသည်
သခင်ကျေနပ်ပါလေတော့ …….