အစီအစဉ် (သက်ထွေး)
စိတ်ညစ်နေလား
မနေ့ကသီချင်းနားထောင်ဖြစ်
ဒီနေ့ကဗျာမရေး
တိပ်ခွေဟောင်းရှာ
သူမအကြောင်းတွေး
မနက်တွေများလို့
ညတွေကို မေ့ခြင်းလဲမဟုတ်
ငါးထိုင်မျှားခြင်းကို
ကျွန်တော်ဝါသနာမပါ
လည်ပင်ကြိုးစွပ်ပြီး
သမိုင်းအကြောင်းရေး
အဆိပ်ကိုအတိတ်နဲ့ဖြေ
တွေ့ပြီလား ပျောက်ဆုံးခြင်း
စိတ်တွေလည်း ကျရှုံးရင်း
မွေးမြေကိုလွမ်းရင်း
အဆွေးနဲ့ရင်မှာနွမ်းခြင်း
ပိတောက်တွေလဲပွင့်ပြီ
ဒီနှစ်နွေလဲ မနှစ်ကနွေပဲ
ရာသီတွေကသာ သစ်ခဲ့
လူကညစ်ဆဲ
ထီးလဲဆောင်းမယ်
ဦးထုပ်တော့ ချွတ်ခဲ့
မိုးကာမဝတ်နဲ့
သံချပ်ကာမစွပ်နဲ့
ဝမ်းဝမ်းဆွဲမှာလား
ဘုရင်မကို ချောင်းလို့
မြင်းက ဝင်အုပ်ခဲ့တာလား
ဒါစစ်မြေပြင်လား ဒါစစ်တုရင်ခုံလား
ဒိုင်မှုတ်တဲ့ ခရာသံက
အဆုံးအဖြတ်ပေးခဲ့
ဒေါင့်ဖြတ်လား ထိပ်ချွန်းလား
ဘယ်နှစ်ပွင့်ကျသွားလဲ
ဟွန်းသံကြားတိုင်း လိုက်အူရအောင်
ခွေးလေ ခွေးလွင့်လဲ ငါမဟုတ်
ဂစ်တာခေါက်တိုင်းတော့
ဒူးလှုပ်မိခဲ့ပါရဲ့
ဘယ်နေ့ မင်္ဂလာဆောင်မလဲ
ဒီနေ့ (သို့) မနက်ဖြန်
ဘယ်နေ့ သေမလဲ
မနက်ဖြန် (သို့) ဒီနေ့
သူမက ရင်ခွင်သစ်မှာ
ကျွန်တော်က ဌာနေဟောင်းမှာ
အတောင်ညောင်းတဲ့အခါတော့
လမ်းလျှောက်ထွက်ဖြစ်တယ်
အိုဇုန်းလွှာကြီးပေါက်လို့
နှာစေးခဲ့ရ
အင်တာနက် အုတ်မြစ်ချပွဲသို့တက်ရောက်
ကီးဘုတ်အသစ်နဲ့ ရင်ခုန်ခြင်း လုံးချင်းဝတ္ထုအကြောင်း
ဘလော့ထဲမှာ ဖတ်လိုက်ရ
မောက်(စ်)တစ်ကောင်ကို ဝင်းဒိုးထဲမှာပဲ
လွှတ်ပေးလိုက်တော့
လက်သည်းပျောက်နေတဲ့
တာရာမင်းဝေရဲ့
ကြောင်က ဖမ်းအုပ်သွားခဲ့
မင်းခိုက်စိုးစန်ဘူတာထဲဝင်ပြေးသွားတယ်
လိုက်ကြ လိုက်ကြ
မောင်ချောနွယ်ကတော့ လေချွန်ပြီး ဈေးဝယ်ထွက်
ဒဂုန်ရွှေမျှားရဲ့ လက်အောက်မှာ
အီဂျစ်ဘုရင်မရဲ့ တက်ခေါက်သံတွေပြိုလဲ
အဆင်မပြေခဲ့တဲ့ ကျွန်တော့်ကို လဲခွင့်ပြုနိုင်မလား
ထိုးမယ့်ဆင်မဟုတ်လို့ ခြေတစ်လှမ်းမဆုတ်ခဲ့မိ
စားဝတ်နေရေး ဘဝရှေ့ရေးဆိုပြီး
ငယ်ထိပ်တက်ပေါက်နေတဲ့ ချွန်းတွေကိုကာကွယ်
ဒီထူးတွေခတ်ခဲ့တာ ဘယ်သူလဲ
ပိုက်ဆံလား .. ငါကိုယ်တိုင်လား
မြေပုံမရှိတဲ့ လမ်းညွှန်ကို ဝယ်ဖတ်မိသလိုမျိုး
ပျက်ကျမဲ့စွန်ကြိုးအတွက်
အစီအစဉ်တွေ ရေးဆွဲနေခဲ့မိတယ် ။
သက်ထွေး
ဩဂုတ် ၂၁ရက် ည ၉း၃၆၂၀၀၈
Comment #5
ထိုးမယ့်ဆင်မဟုတ်လို့ ခြေတစ်လှမ်းမဆုတ်ခဲ့မိ
စားဝတ်နေရေး ဘဝရှေ့ရေးဆိုပြီး
ငယ်ထိပ်တက်ပေါက်နေတဲ့ ချွန်းတွေကိုကာကွယ်
ဒီထူးတွေခတ်ခဲ့တာ ဘယ်သူလဲ
ပိုက်ဆံလား .. ငါကိုယ်တိုင်လား
မြေပုံမရှိတဲ့ လမ်းညွှန်ကို ဝယ်ဖတ်မိသလိုမျိုး
ပျက်ကြမဲ့စွန်ကြိုးအတွက်
အစီအစဉ်တွေ ရေးဆွဲနေခဲ့မိတယ် ။ မိုက်တယ်ဗျာ…ကျွန်တော်လည်း..အစီအစဉ်ဆွဲ ဖို့တွေးလိုက်ဦးမယ်…

Comment #1
ဟီးဟီး… ဖေကြီး… ဘာတွေလဲ… မီးနားလည်ဝူး… နားမလည်ရင် မော်ဒန်ပဲဆိုတာတော့ သိပါတယ် ဖေကြီးပြောလို့… မော်ဒန်သမားတွေကို အဓိပ္ပါယ်သွားမေးရင် စိတ်တိုမယ်ဆိုတာလည်း သိပါတယ်… ဒါပေမယ့် တကယ်မသိပါဘူးဖေကြီး 😛 ဟီးဟီး… ဒါပေမယ့် ကောင်းပါတယ်… စိုင်းစိုင်းဆိုတဲ့ကောင်တွေ့ရင် ကော်ပီဦးမှာဂျ… ခုထဲက copy right ထားပလိုက်… အစီအစဉ် copy righted! ဆိုပြီး 😛 ခွိ