လူသစ်များနဲ့ ကျန်ခဲ့သူ သို့….
– မိုးလင်းခဲ့လို့
မနက်နေရာမှာ တစ်ရေးနိုး
ရွေလျားလို့သွား ကားဂိတ်နားသို့
အလျော့အတင်း မညီတဲ့ အသံတွေ
Ferry ပေါ်မှာ ခုံပေါက်လို့
တိတ်ဆိတ်တဲ့ ကျောင်းရက်ကို
ပြူးကြောင်ကြောင် လှုပ်နှိုးလိုက်ရင်း
မနက်ခင်းလေးက ကြည်နူးစွာ
လန်းဆန်းတက်ကြွနေကျပေါ့….။
– လယ်ကွင်းများကို ဖြတ်ပျံ ရင်း
သစ်ပေမယ့် ဟောင်းယောင်ဆောင်နေတဲ့
ကျောင်းတောာ်ရဲ့ အကိုင်းတစ်ခုမှာနား
Ferry ကားပေါ်ကဆင်း
ပြည့်တင်းဆဲ အိပ်ကပ်လေး
ဝိတ်လျှော့ဆင်းစေရန်လို့ငှာ
Canteen မြို့တော်သို့ ဆောင်နှင်းခဲ့ပြန်ပေါ့…။
– ရှု့စေချင်၍ လှနေကြသော
တက္ကသိုလ်သူတို့လည်း
ပြေးပြေးလွှားလွှား ဖြတ်လျှောက်လေတော့
လိုက်လိုက်လျောလျောလေး ငေးလို့
မနက်စာတော့ အရသာစုံသွားပါရော . . ။
– သက်ဆိုင်တဲ့ အမှတ်စဉ်မှ
မျက်နှာကျက်ကို လက်ညှိုးထိုး (ရှိ)
ဓလေ့တစ်ခုအတွက်
ကျောင်းခန်းကို ကြွတော်မူခဲ့ပြန်…။
– ဒီလိုနဲ့
စာအုပ်လည်းထုတ် အားလူးဖုတ်
စကား စကား
စကားဆိုရ တန်းသားများ
လူသံ၊ လေသံ၊ ပန်ကာသံနှင့်
ပူအိုက်စပ်တဲ့ ခန်းတွင်းဒုက္ခကို
စာသင်သံက မဖုံးနိုင်ပါလား..။
– ဒုက္ခကိုခါးစည်း၍
အမှန်ခြစ်တစ်ခုအတွက်
အဓိကဘာသာ (Roll call)
စောင့်တလင့်လင့်မျှော်. . .။
– ဒါပါပဲ
တို့တတွေ ကျောင်းသားဘဝ
ဝတ်စုံပြည့်နဲ့ စာသင်ချိန်
စကားပြော၊ စာဖတ်၊ ဟိုငေးဒီငေး
ဟိုငမ်း ဒီငမ်းနဲ့
အားကျ ဂုဏ်ယူလောက်ပါတယ်..။
– ကျောင်းကြီးမှာက
လမ်းလျှောက်ရင်း ဂေါ်ဇီလာပဲရောက်လာမလား
ငါတို့နဲ့ မကိုက်တဲ့
အပွင့်အခက်တွေပဲ တက်နင်းမိမလား..
ဆုံးမတတ်တဲ့ ဆရာများနဲ့ကြုံဆုံရင်
သွန်သင်မှုတွေအောက် နားလေးမလား…?
ဤသိုနှင့်
ကျီးကန်းတောင်မှောက် လျှောက်နေရ၏ ။
– ကုက္ကိုပင်ကြိး မတ်တပ်နဲ့ တော်ဝင်လမ်းကြီး
ပြိုမလို မော်ကြည့်ဆဲ
မျက်နှာကျက်အက်ကြောင်းများရယ်..
၁ဝပေ ပတ်လည် canteen ကြီးရဲ့
အံ့ဖွယ်ရာရာ ဝန်ဆောင်မှုတွေရယ်
မကြာမကြာ စိတ်ကူးပေါက်၍
မထင်တဲ့နေရာမှာ
ဒုက္ခပေးတတ်တဲ့ ဒုတိယမိခင်များရယ်.
စာရိတ္တဖွံ့ဖြိုးဆဲ ကျောင်းသားတို့
လှူမြဲတန်းမြဲဖြစ်သော
သာဓုကန်၊ လှော်ကား၊ ရွှေပြည်သာတို့၏
ရီဝေဝေအကျိုးပြုဆိုင်များမှ
စာအံသံများရယ်…။ စသဖြင့်…….။
ထိုထိုဤဤ အသံများက
စိမ်းလန်းအုံ့မှိုင်းသော
တောတန်းတောင်စွယ်ကို နောက်ကွယ်ပြု၍
ကျွန်ုပ်တို့၏
ကန္တာရကျောင်းတော်ကြီးကို
ပုံဖော်အဆိုပြုရင်း
စိတ်၏ အတွင်းမှ
တစ်မျိုးတစ်မည် လှနေပါပေကော…..။
( UCSY သို့… သတိရခြင်း.. )
Comment #1
“အမှန်ခြစ်တစ်ခုအတွက်
အဓိကဘာသာ (Roll call)
စောင့်တလင့်လင့်မျှော်. . . ”
ဘာလို့ အမှန်တွေရေးတာလဲ….
ဂေါ်ဇီလာကိုတောင် သတိရသွားပြီ 😛