အနားသတ်
မိန်နဲ့မိဿ ပခုံးလွှဲပြီး နဂါးပျော်မြူးရာ တံလျှပ်တွေကြား အချိန် ထန်းတစ်ဖျား
သာသာမှာ ရုန်းကန်အော်ဟစ် ဘ၀သစ်ထဲ လက်တွဲခေါ်ခဲ့တဲ့ မာတာ၊ ဘုန်းမီးနေလတွေ
ဘေးမဲ့ပေးဖို့ သားဦးဘ၀ကို ဓါးထမ်းပြီး မကျော်ရက်ခဲ့တဲ့ ပိတု၊ ဒီနှစ်ဦး
ကျေးဇူးနဲ့ ဖ၀ါး လက်နှစ်လုံး ပခုံး လက်နှစ်သစ် ဘ၀ကို အခြေချနိုင်ခဲ့တယ်။
PISCARIAN “သမီး” ကက်ကင်းဓာတ် ယူတော့ “မိဿ” မီးငှက်ဘ၀နဲ့ ဖြစ်၊ပျက်
သံသရာတွေကြား ရှင်သန် ကြီးထွား ခဲ့ရတယ်။ အဓိပတိဖွားမို့ မထိတထိ စကားနဲ့တောင်
အရစ် မခံနိုင်ဘူး။ ကိုယ့်စိတ်ကို အနုလုံပဋိလုံ စောင့်ကြည့်မိတာ သိပ်တော့
မကြာသေးပါဘူးလေ။ ဘ၀နဲ့ဆန္ဒတွေ အထည်ကြီးပျက် ဖြစ်ပြီးမှပါ။ ချစ်ခြင်းမှာ
အနီးမှုန်ခဲ့တော့ ကုက္ကုစ္စ တွေများပြီး အနာဂတ် စီမံကိန်းတွေကို ကက်ဗိနက် တင်ဖို့
ဦးနှောက်ရှုပ်ခံ စဉ်းစားခဲ့တယ်။ ဦးရာလူ စံနစ်မှန်းသိရင် တန်းစီစောင့်စရာ
လိုပါဦးမလား။ ပဋိပက္ခတွေ လုံးလားထွေးလား ရောက်ယက်ခတ် နေချိန်ထိ ငါတစ်ယောက်တည်း
လိမ်ဖည်ဖည်နဲ့ပေါ့။ ရေကြည်ရာ မြက်နုရာ ရှာမတွေ့ခဲ့တာ ရေကြော၊ မြေကြော
မလိုက်တတ်လို့ပါ။ ခုတော့ ၀ိရောဓိ နှလုံးသားလေး သုတေသန ဌာနမှာ အော်ပရေးရှင်း
လုပ်လိုက်ရတယ်။ ငါ့ဘေးက ကရကဋ်ဖွားကို ဒဏ်တွေလှိမ့်ခံဖို့ အားမနာတမ်း ဓါးစာခံ
အခါခါ လုပ်မိခဲ့တယ်။ မောင်ဂဠုန် ပုတိဖွားလေးက ပြုမိအမှားတွေကို အနုကြည့်တောင်
မထားခဲ့ပါဘူး။ သောကတွေ ကြီးစိုးပြီး ကိုယ်မဖျားတောင် စိတ်ဖျားခဲ့ရအောင်
ဘေးကြပ်နံကြပ် စီစဉ်တတ်ခဲ့တဲ့ ငါ့ကို ဝေသန္တရာထုံး နှလုံးမူ ပေးနိုင်ခဲ့တယ်။
နောင်အရေးတွေးပြီး ရှောင်ပြေး မနေချင်တော့လို့ ဘ၀နဲ့ဆန္ဒတွေကို ထိပ်တုံးခတ်
ဝကွက်အပ်လိုက် ပါတော့မယ်။ ရာဇ၀င်ရိုင်းခဲ့တဲ့ မိဿဖွားကြောင့် ကိစ္စတွေ
များရပေါင်းလည်း ရေတွက် မနေပါနဲ့တော့လေ။ ရပ်ပြစ်ရှစ်ပါးလည်း လွှဲမချချင်သလို
ရန်သူမျိုး ငါးပါးနဲ့လည်း ကင်းခဲ့တာမှ မဟုတ်ခဲ့တာ။ ဘယ်သူမပြု မိမိအမှုတွေပါ။
ကိုယ်ဖြစ် ကိုယ်ခံတာ လောကဓံပဲလား။ လောကဓာတ်ကျောင်းက သင်ပေးခဲ့တာတွေလည်း
တစ်ကယ့်လက်တွေ့မှာ အသုံးမချနိုင်ခဲ့ပါဘူး။ လောကနီတိတွေပဲ ဟောဒီ
ရင်ဘတ်ကြီးအပြည့် လိုက်နာလိုက်ရတယ်။ သူငယ်နှပ်စား စိတ်ဓာတ်တွေကို
ဒေါက်ဖိနပ်အောက်မှာ ပြားပြားဝပ်အောင် နင်းဖိထားလိုက်ပါ့မယ်။ သမုဒယသစ္စာ ၀ဲသြဃထဲက
ခြေစုံပစ် ရုန်းထွက်ခဲ့ရတော့ ၀ိဥာဉ်လေးပဲ သေကောင်ပေါင်းလဲ ဖြစ်သွားတာပါ။
ဒီလောက်နဲ့ပဲ တစ်ဦးတည်းသော ခရီးသွား မိဿဘ၀ ပင်ပန်းရလွန်းလို့ ဒီမှာတင်
အနားသတ်လိုက် ပါရစေတော့လို့ တောင်းဆိုပါရစေ လောကဓံရယ် …..

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service