စိတ်ရထား
ငါ့ရထားထဲ
သက္ကရာဇ်တွေကိုသယ်ဆောင်လို့
စိတ်ဓါတ်ပုံဆောင်ခဲတစ်ချို့ မီးတင်ရှို့
ခရီးတွေ ဆက်ခဲ့တယ်။
စိတ်ကိုယ်နှိုက်က လေလွင့်မိမယ့်
ခြေသံတွေအကြောင်း နားမဆင်တတ်အောင်
လေ့ကျင့်မိတတ်ခဲ့
ထွက်ကျမလာသေးတဲ့ အိပ်မက်တွေရဲ့
တေးကိုပဲ မျှော်လင့်နေမိတတ်ခဲ့။
ကိုယ်တိုင်မသွန်းလုပ်ဖြစ်ခဲ့တဲ့
ရေခဲ ပန်းပုတစ်ခု
ငါ့နှလုံးသားကိန်းဝပ်တယ်
မသိလိုက်မသိဖာသာပါပဲ…..။
အရည်ပျော်ကျလာမယ့် တစ်ချိန်
ငါ ဒဏ်တော့ ကျန်ရစ်ခဲ့ဦးမယ်…
ခုတော့…….
မသိလိုက်မသိဖာသာပဲ
ဆက်လိုက်ဦးမယ်….။
(စကားချပ်….။ ။
ရထား…၊ ရထား… ဆိုတဲ့အရာကို ဘ၀ခရီးတွေနဲ့ နှိုင်းလေ့ရှိကြတယ်…။ မကြာခဏဆိုသလို တွေးမိတာကတော့ ကျွန်တော်တို့ရဲ့ စိတ် ဆိုတာလည်း ရထားတစ်စင်းလိုပါပဲလား ဆိုတဲ့အကြောင်း….။ ဘ၀မှာ ဖြတ်သန်းရမယ့် ခရီးအတွက် လောင်စာတွေဆိုတာက အမျိုးမျိုးအထွေထွေ…။ ဘ၀နဲ့အတူ စီးမျှောနေတဲ့ စိတ်တွေ စီးဆင်းဖို့ကရော ဘာလောင်စာတွေ လိုမှာတဲ့လဲ…။ စိတ်ရဲ့ လိုအပ်မှုအတွက် တစ်ချို့အရာတွေကို လောင်မြိုက်ပြီး လောင်စာအဖြစ် ပြုလုပ်နေရာမှာ ကိုယ်တိုင်မသိလိုက်တဲ့ ဘယ်အရာတွေကရော လောင်ကျွမ်းနေပြီလဲ…။
စိတ် ဆိုတဲ့ ရထားတစ်စင်းက တရွှေ့ရွှေ့ သွားရင်းနဲ့မှ ရင့်ကျက်လာသတဲ့…။ စိတ် ကို ရင့်ကျက်ဖို့ ဘယ်အရာတွေကို စတေးရမှာလဲ..၊ ဘယ်အရာတွေကို လောင်ကျွမ်းရမှာလဲ….။ တစ်ချိန်ထဲမှာပဲ ကိုယ်မသိထားတဲ့ ကိုယ့်ရဲ့ ရိုးသားမှုတွေဟာ အတိုက်စားခံရရင်းနဲ့ ပျောက်ဆုံးကုန်နေပြီလား….။ စိတ် ရထား… ကတော့ သွားနေဦးမှာပဲ…။ မသိလိုက် မသိဖာသာ ပျောက်ဆုံးမှုတွေကလည်း ရှိနေဦးမှာပဲလေ….။)
Comment #1
ဒီမနက်အတွက် ပထမဆုံး ဖတ်တဲ့ ကဗျာလေးးးးးး
တစ်ပုဒ်လုံးကြိုက်တယ်..