သည်တစ်ခွက်ပြီးရင် …. (နိုးဝေ ကဗျာ-၁)
သည်တစ်ခွက်ပြီးရင် အိမ်ပြန်မယ်
တစ်ယောက်တည်းနေရတဲ့အခန်းထဲမှာ
အရိပ်တွေနဲ့စကားပြောမယ်
သည်တစ်ခွက်ပြီးရင် ငွေရှင်းမယ်
စိတ်ရှုပ်သလောက် အတွေးပွေနေရတာမို့
ဆက်ထိုင်နေလည်း မပျော်တော့ဘူး
သည်တစ်ခွက်ပြီးရင် လမ်းမအတိုင်းလျှောက်မယ်
ခြေဦးတည့်ရာမှာ ဒုက္ခနဲ့မတိုးဖို့ကလွဲရင်
ဘာကိုမှယိုးစွပ်ဖွယ် မရှိတဲ့ည
သည်တစ်ခွက်ပြီးရင် တောင်စဉ်ရေမရ လျှောက်ပြောကြည့်မယ်
ကြယ်စုံညဆိုတဲ့သီချင်းအကြောင်း နောက်ထပ်သတိတရတွေ
ဗင်းဆင့်ရဲ့ပန်းချီကားတွေတော့ မပါစေရဘူး
သည်တစ်ခွက်ပြီးရင် အချစ်အကြောင်းပြောမိလို့ ထိုးထိုးအန်နေတဲ့ခွေးကလေးကို
ကိုယ့်ဝေစုထဲက အလွမ်းနည်းနည်း မျှပေးလိုက်မယ်
သည်တစ်ခွက်ပြီးရင် …. ညဆယ့်တစ်နာရီမှာ ပြတ်တောက်သွားတဲ့အသံအကြောင်း
သည်တစ်ခွက်ပြီးရင် ရေခဲကုန်သွားတဲ့ခွက်ကလေးတွေ အကြောင်း
သည်တစ်ခွက်ပြီးရင်….
…………………………………
သည်တစ်ခွက်ပြီးရင် … သည်တစ်ခွက်ပြီးရင် အိမ်ပြန်မယ်လို့များ ကျွန်တော်ပြောခဲ့သလား
သည်တစ်ခွက်ပြီးရင်
မင်းညိုပြောခဲ့သလိုပဲ နံနက်လင်းတဲ့အထိထိုင်နေမိတော့မယ်။
(ကျွန်တော် ကြိုက်တဲ့ ကဗျာဆရာ နိုးဝေရဲ့ ကဗျာလေးပါ)
Comment #4
Nice

Comment #5
V.nice par

Comment #1
nice nice.. ကြိုက်တယ်