မေ့လျော့နေသော အမေသို့ -နရီထက်
အမေ. . . အမေသိပ်ချစ်တဲ့
သွေးစက်သွေးသားတွေကို
နှလုံးလှ နှလုံးသားလူသားတွေအဖြစ်
(ကျွန်တော်၊ကျွန်မ)တို့ကို
မွေးဖွားလင်းလက်သန့်စင်ပေးခဲ့တယ်
လင်းလက်လာမဲ့ ကြယ်စင်ကလေးတွေ
ကြယ်ကြွေလေးတွေ မဟုတ်ရဘူးလို့
အမေကိုယ်တိုင် စတေးခံပြီး
ကျွန်တော်တို့ကို ပုံပြင်သဖွယ်
ကဗျာလေးတစ်သွယ်
နားသွင်းခဲ့သေးတယ်. . . အမေ
အမေ. . . နှင်းမိုးတွေလို့
ထင်မှတ်သတ်မှတ်ထားပေမဲ့
အမေကလေး. . . တကယ့်တမ်းကျ
မြူခိုးလေးတွေ ဝေနေခဲ့တယ်
ကျွန်တော်တို့တွေ သဘာဝကို
ခုခံတိုက်ခံကြတဲ့အချိန်မှာ
အမေက အပြုံးမပျက်
မေတ္တာရှင် မီးအိမ်ရှင်ပေါ့
အမေဘ၀မှာ မီးစတွေ
ကုန်ခမ်းအောင်ထိ
အမေ အစွမ်းကုန်ထွန်းညှိလင်းလက်ပေးခဲ့တယ်
အလင်းရောင်တွေလည်း
ဆီကုန်ရင် ထပ်ဖြည့်လို့
အမေက အလင်းရောင်ဆက်တွေ
မီးအစက်တွေ ကူးပေးခဲ့တယ်. . .
ကျွန်တော်တို့တွေ ရေစုန်မှာ
ကူးခတ်အသာမှေး ပျော်လူးချိန်မှာ
အမေကနေလေး ရေဆန်ကို
မျှော်လင့်နေသူ တစ်ယောက်
အသေအချာမဟုတ်ဘူး
အမေဘက်ကသာ
ရေတွေ စီးဆင်းချင်နေတာ
စမ်းကျရေသံ အေးမြသီတာ
တသွင်သွင်နဲ့ အမေ
အမြဲမပျက် စီးဆင်းပေးနေတာ
သား ယတိပြတ် ကျိန်ဝံပါတယ်
အမေရယ်. . .
အတောင်တွေစုံရင်တော့
ဌာနေကို ပြန်ကြတယ်တဲ့
ခြေရာကြီးတော့ လူဝင်ဆန်ပြီးတဲ့
ကိုယ့်အသိုက်နှင့်ကိုယ့်ဆောက်နေကြချိန်မှာ
အမေကို. . . ကျွန်တော်တို့တွေက
အသိုက်ဟောင်းမှာ နားနေခဲ့ခိုင်းကြတာလား
ထားပစ်ခဲ့ကြတာလား . . . အမေ
သားကို. . . ချစ်တဲ့ဇောနဲ့တော့
အမေ. . . နားလည်ပေးပါတဲ့ဆိုတဲ့
စကားတစ်ခွန်းနှင့် အမေမျက်နှာမလွဲလိုက်ပါနဲ့
အမေ. . .
ကျွန်တော်တို့တွေ
ပြောနေကြ စကားကတော့
အမေကို. . . အိမ်ဦးခန်းမှာ
ထားမယ်ဆိုတဲ့ စကားလေး. . .
နေရာတိုင်းမှာရော
အမေက အိမ်ဦးခန်းမှာ
ကြည်ဖြူအေးချမ်းစွာဖြင့်
ရောက်နှင့်နေပြီးလား . . . အမေရယ်။ ။
နရီထက်
( ၂၇ ၊ သြဂုတ်လ ၊ ၂၀၁၀ )