မိုးသောက်ကြယ်ရေ …..
မိုးသောက်ကြယ်ရေ …..
စူးနစ်မြည်တမ်း ဒွိဟလမ်းကို
ချိုးနှိမ်မရ ငါ့ဘ၀အား
စာနာထောက်ထား သနားလှည့်ပါတော့ …..
ခုလိုချိန်ဝေး တစ်နယ်ကြေးမှာ
နှင်းဖုံးတောင်တန်း တောရိုင်းပန်းစုံ
ဒေစီဖြူ ဂမုန်း ၀ိုင်အိုလက်အဆုံး
မွှေးမြယူကလစ် ထင်းရူးစစ်နှင့်
မင်းပျော်နေမလားေ၀၀ါးမိတယ် ……
ပုဇဉ်း ပိတုန်း ပျားကောင်မြူးအုံ
ဖူးပုရစ်စီ ရောထွေးနီသော
ဆင်းသွယ်လှဆန်း ရောင်စုံလွှမ်းသည့်
နှင်းခါးရိုက်ဖျန်း တောင်ပေါ်ပန်းကို
လှမ်းချူနေမလား စိုးရိမ်မိတယ် ……
မြက်ပင်စိမ်းစို ယိမ်းသမပျိုနှယ်
နှင်းမြူရိပ်ကြား ပန်း၊ပန်းပွားသို့
မိုးဆွေငှက်သံ လွမ်းအောင်ဖန်စဉ်
ပင်မြင့်သဇင် ပန်းတော်ဝင်ကို
နမ်းရှိုက်နေမလား အတွေးပွားမိတယ် ……
မိုးသောက်ကြယ်ရေ …..
ပေထက် အက္ခရာ တင်လှစ်ကာသာ
ရင်မြေခမ်းခြောက် အလွမ်းလောက်ကို
မသိသလိုသာ နေလှည့်ပါတော့ …..
ပရိယေသန ၀မ်းရေးဝဖို့
ဝေးမြေရပ်ခြား စွန့်စားသူကို
င့ါမှာအခန်းကျဉ်း ဆုတောင်းရင်းသာ
တစ်နေလည်းဝင် တစ်မိုးမြင်ခဲ့ပြီ ……
ချစ်သူဘ၀ လူလုံးလှလျှင်
အပြည့်ဝပေးဆပ် ကျေနပ်တတ်သော
နင်းကြမ်းခံယူ ငါ့လိုလူအား
သူစိမ်းပြင်ပြင် မေ့စေချင်သည် ……
ပျားအတွက်ဝတ်လွှာ ဖွင့်အာပေးသော
နောင်တမရှိ ပန်းအသိမှာ
သန့်စင်မေတ္တာ မျှော်ကိုးမပါဘဲ
ထိုပျားနှင့်ပန်း ထပ်တွေ့မြန်းရန်
စိုးစဉ်းကတိ ထားမရှိမို့
ပျားကောင်ဖြစ်လူ ငါ့ချစ်သူအား
တစ်ဖက်သတ်ပေးဆပ် ပန်းစိတ်ဓာတ်နှင့်
နင်းကြမ်းလိုသာ ကူးဖြတ်ခံကာ
ဆင့်မြင့်ရာပင် ရောက်စေချင်သည် ……
ပန်းခံပွင့်ဘ၀ ဂုဏ်မလှလည်း
တစ်ခဏသုံး မင်းလိုတုန်းတော့
သဇင်ကိုယ်စား ငါခစားခဲ့
အဖြည့်ခံဒီဘ၀ မင်းအတွက်ကတော့
ပွဲလယ်တင့်တယ် အလှကြွယ်သော
ဂုဏ်ရည်လည်းတူ မျိုးနွယ်တူနှင့်
ရွှေလက်တော်တွဲ ပြုံးရိပ်မြဲဖို့
တော်ဝင်သခင် ပန်းသဇင်ကို
မယှဉ်ရက်နိုင် ဂုဏ်မပိုင်မို့
တိုးမည့်ခြေလှမ်း နောက်ဆုတ်မြန်းကာ
ဒွိဟစိတ်ကို ချိုးနှိမ်ဖြိုလျှက်
တစ်နယ်ကျန်ရစ် ငါ့အဖြစ်ရဲ့
မျက်ရည်သွင်သွင် ရပ်စေချင်ပြီ ……..