ငါ လှံစိုက်ခဲ့ဖူးသော မြေနိမ့်လေး နှင့် ငါ့ရင်ထဲက ငါ့လှံချက်များ
ငါ ချစ်မှန်းမသိချစ်ခဲ့ပြီး
မျက်ရည် စက်လက်နဲ့ 
လမ်းတစ်ဝက်က လှည့်ပြန်ခဲ့ရတယ်
ဒီ ကံကြမ္မာက ဒီလို ပညတ်ခဲ့လိမ့်မယ်လို့ 
ဘယ်သူက ကြိုတွေးထားမိမှာလဲ . . .
သံသရာ တစ်ပတ်အလည်
ဒီ အရိပ်က
ငါ့ရင်ကို လာမှန်တယ်
ခပ်ပါးပါးလေးပါ
ငါ သေမှန်း မသိသေခဲ့
ငါ နဲ့ နင် ဝေးမှန်းမသိဝေးခဲ့
ငြိမ်သက်နေတဲ့ ရေပြင်
ခဲတစ်လုံးရဲ့ ပရောဂကြောင့်
“………”
ငါ ရင်နင့်ခဲ့ရတယ် သခင် . . .
လာခြင်းမကောင်းခဲ့သောငါ
ငါ့ကိုယ်ငါ ဘယ်လိုသဂြိ င်္ုဟ် မလဲ
တောင်ပံနှစ်ဖက် ညှပ်ခံထားရသလို
ငါ နင့်နားက ဝေးဝေး မပျံနိုင်ခဲံ့ပါဘူး
မျက်ရည်စက်တို့ 
ငါသက်သေပြုပါရစေ
ငါ့ နှလုံးသားကို ငါ သင်္ဂြိုဟ်ထားခဲ့တာတော့
နင့်ကို မမေ့နိုင်တဲ့ ဒီနေ့ ထိပါပဲ
ငါ တကယ် ဝေးဝေး မပျံနိုင်ခဲ့သူပါ သခင် . . .
လမ်းတစ်ခုမှာ ငါတို့ ရပ်ခဲ့တယ်
နင် နဲ့ ငါ
ဒီ လမ်း အဆုံးကို ဘယ်တော့မှ
ကြို မကြည့်ရဲခဲ့သူတွေပါ
ဝေးသွားရမဲ့ အနာဂတ်ကြောင့်လား
လမ်းစ မရှိတော့တဲ့ ငါတို့ အဖြစ်ကြောင့်လား
ငါ တကယ် မသိတတ်ခဲ့ပါဘူး
သက်တမ်း အတိုဆုံးကြယ်အဖြစ်
ငါ နင့်ရင်က ကြွေခဲ့ပြီ . . .
ငါ့ရဲ့ မပြတ်သားခြင်းတို့ အတွက်
နင် ရယ်လိုက်ပါ
အဆန်ခရီးကို
ငါ မောမောနဲ့ တက်ပါရစေ
နင့် ရင်ထဲက ငါ
ယုန်သူငယ် အဖြစ်မှ
ကျားဆိုးအသွင် စနစ် ပြောင်းခဲ့ဖူးသူပါ
ဒီအတွက် နင် နာနာကြင်ကြင်
မုန်းတီး ရွံရှာစွာ တုန့် ပြန်လိုက်ပါ
ငါ နင့်ကို မေ့ချင်ပြီ သခင် . . .
နင့်ရဲ့ မျက်ရည်တစ်စ ချ အပြမှာ
ငါ တို့ ရဲ့ အတိတ်
ငါတို့ ရဲ့ ကတိတွေဟာ
ဝေး သွားပြီ
မျှော်လင့်သလိုလဲ ဖြစ်မလာဘူး
ဖြစ်လာသမျှကလဲ
ငါ မျှော်လင့်မထားခဲ့ပါဘူး ဟာ
အပေး နဲ့ အယူမှာ
အပေးသာ ရှိခဲ့ပြီး
ငါ မယူတတ်ခဲ့သူပါ
နင် မုန်းပစ်လိုက်ပါ သခင် . . .
ငါတို့ ကြားက ဆက်သွယ်မှု
ဒီ ဖုန်းကြိုးလေး ငါ ဖြတ်လိုက်ပြီ
နင် ဖုန်းမဆက်ပါနဲ့ တော့ ဟာ
ငါ
ဆက်သွယ်မှု ဧရိယာ ပြင်ပမှာပဲ နေပါရစေ
ငါ နင့် ဖုန်းနံပါတ်ကို
ယောင်ပြီး နှိပ်ခဲ့ဖူးတာတွေလဲ ရှိစေတော့
ငါ နင့်ကို ချစ်ခဲ့တာတွေလဲ ရှိစေတော့
သံယောဇဉ် စဖြတ်ခဲ့တဲ့ ငါလဲ
အသုံးမကျသူ အဖြစ်ရှိစေတော့
ငါ ဆုံးဖြတ်ခဲ့တဲ့ အတိုင်း
” ပိုနေမြဲ ကျားနေမြဲ” သာ ရှိပါစေတော့ဟာ . . .
ပြောင်းလဲ ခြင်းတွေထဲမှာ
မပြောင်းလဲသူကတော့ ငါပါ
အရင်လိုပါပဲ
မဖြီးထားတဲ့ ဆံပင်နဲ့ 
ကြိုး မငြိ ထားတဲ့ ဂစ်တာ ကို
တီးနေ တုန်း သီချင်းတွေ ဆိုနေတုန်းပါပဲ
ငါ နင့်ကို ဆိုပြခဲ့တဲ့ သီချင်းတွေ
အခုတော့ . . .
သူတို့ အသက်မဲ့ သွားကြပြီ . . .
ငါတို့ နှစ်ယောက်
(အခုတော့ နင်တစ်ယောက်တည်းပေါ့ ) 🙁
ထားခဲ့ဖူးတဲ့ ကတိ
“ဘယ်တော့မှ လက်တွဲ မဖြုတ်ကြေး “
ငါ မစောင့်စည်းခဲ့တဲ့ ၀တ္တရားတွေထဲမှာ
ငါ့ ကတိ ငါ မတည်နိုင်ခဲ့ခြင်းကတော့
ငါ့ကို ငါ အမုန်းဆုံးပါပဲ
ငါ မုန်း တဲ့ ငါ
ငါ့ စကားသံတွေ ကြားမှာ
ငါ နဲ့ နင့် ရဲ့ ဆက်ဆံရေး ဟာ
ကျဲ သွားပြီ . . .
အရာရာ အတွက် ငါတို့ ကြားမှာ နေရာလေးတစ်ခုဟာချဲ သွားပြီ
နင် လဲ နှုတ်မဆက်ခဲ့ပါနဲ့ 
ငါ လဲ လက် မပြတော့ပါဘူး . . .
လီယိုနာဒို ဒါဗင်ဂျီ . . .
ခင်ဗျားရေးတဲ့ မိုနာလီဇာရဲ့ အပြုံးမှာ
မာယာ တချို့  ဟန်လုပ် ထည့်ဖူးခဲ့ပါသလား . . .
ကျုပ်ကတော့ ကျုပ်ရဲ့ မာယာ အပြုံးမှာ
သူ့ အတွက် မာယာထောင်ချောက်တွေ ကြောင့်
သူ ရှုံးခဲ့ရပြီ . . .သူ ရှုံးခဲ့ရပြီ
တကယ်တော့ . . .
ကျုပ် အနိုင်မလိုချင်ခဲ့ပါဘူး
အရှုံး ပေးချင်ခဲ့တာ . . .
နင် ဘယ်တော့မှ မငိုပါနဲ့ 
နင် တစ်ခါ ငိုတိုင်း ငါ တစ်ခါ နိုင်တယ်
နင် ငိုတိုင်း ငါလဲ ငိုချင်ခဲ့ပါတယ် . . .
ငါ အရူးပါ . ..
ရူးခြင်း (၈) ပါးမှာ
မိုက်မဲ ခြင်းကြောင့် ရူးခဲ့ရသော အရူးပါ . . .
အချစ်မှာ မျက်စိ မရှိဘူးဆိုတဲ့ အဆို
ငါ ငြင်းမယ်
ချစ်ခြင်းမှာ ချစ်သော မျက်စိ ရှိတယ်
တကယ်ဆို
ငါ့မှာသာ ချစ်တတ်သော မျက်စိ မရှိခဲ့တာ
နင် ငါ့အပေါ် တန်ဖိုးထားခဲ့သလောက်
ငါ နင့်အပေါ်မှာ
“……….”
ငါ ၀ဋ်လည်ပါရစေ သခင် . . . .
နင့်ရဲ့ အိပ်မက်တွေကို ငါနင်းချေ
ငါ့ရဲ့ အိပ်မက်တွေ အတွက်
ငါ တစ်ကိုယ်ကောင်း ဆန်ခဲ့တယ်
နင် စိတ်နာလိုက်ပါ . . .
ဖျက်ရာပါသော စာမှာ
ဒဏ်ရာတွေလဲ နည်းမှာ မဟုတ်ပါဘူး
တစ်ချိန်က ငါ့ရင်ထဲ က
“ခဲမှန်ဖူးသော စာသူငယ် “
နောက် ဆုံး ခဲ ကို ပစ်လိုက်သူက ငါပါ . . .
အနာဟောင်းကို မြင်တိုင်း ငါ့ကို စိတ်နာပါစေ . . .
သမုဒယမှာ လိမ်လည်မှုတွေ ရောထားခဲ့သော
င့ါကို နင် မေ့လိုက်ပါတော့ . . .
တကယ်တော့ ဒီကြိုးစင်ကို
နင် အပြစ် မပေးလဲ
တက်တော့ မလို့  . . . .
လမင်းဇော်
ရူးခြင်း ရှစ်ပါး ဆိုတာကို ကျွန်တော် မှတ်သားဖူးခဲ့တဲ့ အတိုင်း ပြောပါရစေ . . .
(၁) တဏှာရမက် ဖြင့် ရူးသွပ်ခြင်း
(၂) အမျက်ဒေါသဖြင့် ရူးသွပ်ခြင်း
(၃) အယူဖောက်ပြန်သဖြင့် ရူးသွပ်ခြင်း
(၄) မိုက်မဲသဖြင့် ရူးသွပ်ခြင်း
(၅) ဘီလူးဖမ်းသဖြင့် ရူးသွပ်ခြင်း
(၆) သည်းခြေပျက်သဖြင့် ရူးသွပ်ခြင်း
(၇) သေရည်သောက်စားသဖြင့် ရူးသွပ်ခြင်း
(၈) စည်းစိမ်ပျက်သဖြင့် ရူးသွပ်ခြင်း
Comment #3
read again..
feel again…
cry again.
![commentinfo](https://www.poemscorner.com/wp-content/themes/poemscorner/images/comment.png)
Comment #6
တကယ်ကိုကောင်းလွန်းပါတယ်ဗျာ။ဘယ်စာသားကိုဘယ်လိုကြိုက်မှန်းမသိရအောင်ကိုကောင်းနေတော့
….အရမ်းကိုကြိုက်သွားတယ်ပဲပြောပါရစေတော့ဗျာ။
![commentinfo](https://www.poemscorner.com/wp-content/themes/poemscorner/images/comment.png)
Comment #7
*__*
*__*
![commentinfo](https://www.poemscorner.com/wp-content/themes/poemscorner/images/comment.png)
Comment #1
oh,,,,,
ma ya dot bu,,
ngo like p,,
a yan kaung aung ma yae par ne dot,,,