အိမ်ကလေးသို့ …………
ဝေးဝေးက အိမ်ကလေးရေ
မင်းခြေထောက်တွေ ခြစားခံနေရတယ်ဆို
အမေပြောမှ ငါသိရတယ်။
နှစ်ရှည်လများ တို့မိသားစုအတွက်
ဥတုသုံးပါးဒဏ်ဆို ဘာမထီဟန်နဲ့
အကာအကွယ်ပေးခဲ့တဲ့ သူရဲကောင်းဟာ
မင်းပဲ မဟုတ်လား အိမ်ကလေးရေ
ဒီတော့ အားတင်းထားစမ်းပါကွယ်။
ငါပြန်လာတဲ့အခါ
မင်းကို မင်းပတ်ဝန်းကျင်မှာ
အလှဆုံးအိမ်ကလေးဖြစ်အောင်
ဖန်ဆင်းပေးရင်း ကျေးဇူးဆပ်ပါ့မယ်။
တစ်ကယ်တော့ ငါလေ
ဒီရေခြားမြေခြားမှာ ငွေရှာဖို့ရာ
မင်းရဲ့အသက်ဝိဥာဉ်ကို
သူတစ်ပါးထံမှာ အပေါင်ထားပြီး
အရင်းအနှီးလုပ်ခဲ့တာပါ အိမ်ကလေးရာ။
မင်း မှတ်မိသေးလား
မင်းရင်ခွင်ထဲ ပထမဆုံးအိပ်ခွင့်ရတဲ့ညက
တို့မောင်နှမတွေလေ
သိပ်ပျော်လွန်းလို့ အိပ်မပျော်ကြဘူးရယ်
(ဒါဟာ တို့ရဲ့ကိုယ်ပိုင်အိမ်ကလေးပါလားဆိုတဲ့
ဝမ်းသာစိတ်ကိုယ်စီနဲ့ပေါ့)။
အခုတော့
ဘ၀ပေးအခြေအနေအရ
အဝေးရောက်နေတဲ့ ငါ
မင်းရဲ့ လှေကားထစ်လေးသုံးထစ်ကို လွမ်းတယ်
မင်းရဲ့ ကြမ်းခင်းမှာဖျာခင်းပြီး အိပ်ရတာကို လွမ်းတယ်
မင်းရဲ့ နံရံကပ်စာအုပ်စင်နားက
ပြတင်းပေါက်မှာတပ်ထားတဲ့
သံဇကာကွက်လေးတွေကိုလည်း လွမ်းတယ်
လွမ်းတယ် အိမ်ကလေးရေ ငါ သိပ်လွမ်းနေတယ်…..။