နံရိုးကြားကဆည်းဆာ (သက်ထွေး)
အမှောင်တစ်ချို့
အလင်းတို့ကို
အလစ်သုတ်သွား ..
မြို့ပြရဲ့
မထွက်တတ်သော
ဆည်းဆာအား
ခေါင်းပုတ်၍ နှုတ်ဆက်ခဲ့သည်။
အသံတွေနဲ့ပျာယာ ခတ်နေတဲ့
နှစ်သက်သော
မြစ်လေးကို ငါသည်
ကျောခိုင်းခဲ့ပြီ။
အပြစ်တစ်ချို့ကို
ဆေးခြယ်ခဲ့သည်
အသစ်တို့ကိုတော့ငါသည်
ဘေးဖယ်ခဲ့သည်။
လမ်းတစ်ချို့အား
မှတ်ထားပြီး
လမ်းတစ်ချို့အား
မေ့ထားခဲ့သည် …
အနိစ္စ အာရုံသည်
မလှမ်းမကမ်းတွင်
ငါ့အား
ခါးထောက်ပြီး ကြည့်နေခဲ့သည်။
သံပတ် မပေးထားတဲ့
နာရီကြည့်ဖြစ်သည်
ဒီအချိန်ဆို
အမေ့ပါးပြင်မှာ
မျက်ရည်မို့လောက်ပြီ။
အခန်းတစ်ခန်းထဲတွင် ဖြစ်သည်။
ပဲ့တင်သံတို့ကင်းစင်သည်။
တစ်ချို့သည် မျှော်လင့်ချက်တို့အား
ခင်းကျင်းထားသည်။
တစ်ချို့သည်ကား ခံစားချက်တို့အား
ရှင်းလင်းထားသည်။
လက်ဖဝါးပေါ်မှ
မြေစာပင် တစ်ချို့အား
နှုတ်ဖြစ်ခဲ့သည် ။
ဒီနေ့သည်
သမိုင်းဦးကျမ်းစာထဲမှ
သစ္စာမဲ့သော
နေ့တစ်နေ့ဖြစ်သည်။
ငိုယိုနေတဲ့
ဖေါင်တိန် တစ်ချောင်းကိုတော့
မချော့ဖြစ်ခဲ့
ကြာရင်တော့ ကဗျာတို့နဲ့
နေသားကြသွားပေလိမ့်မည် ။
မေ့တတ်တဲ့လူတို့ကိုသာ
နှုတ်ဆက်ဖြစ်ခဲ့ပြီး
သတိရတတ်သော သူတို့ကြားမှ
ရုန်းထွက်ခဲ့သည်။
ဒီလိုနဲ့ပဲ
နေဝင်ဆည်းဆာသည်
ပျောက်ရှသွားသည့်
ငါ၏နံရိုးမှတစ်ဆင့်
လှလှပပ ဇာတ်သိမ်းသွားခဲ့သည်။
သက်ထွေး
နိုဝင်ဘာ ၁၆ရက် ည ၆း၁၈
Comment #3
မေ့တတ်တဲ့လူတို့ကိုသာ
နှုတ်ဆက်ဖြစ်ခဲ့ပြီး
သတိရတတ်သော သူတို့ကြားမှ
ရုန်းထွက်ခဲ့သည်။
Comment #4
7 stars. =)
Comment #1
အရမ်းကို ကြိုက်နေတယ်… ကြိုက်လွန်းလို့ အိမ်က roommate ကိုတောင် ဖတ်ပြလိုက်သေးတယ်… ဟီးဟီး… တစ်ပုဒ်လုံးကို မိုက်နေတာ… ဟိုတစ်ခါက ရုပ်ကလပ်ကြီးထားပြီး ခရီးထွက်သွား… ဒီတစ်ခါတော့ အပြီးအပြတ်နားပြီကိုး… တာ့တာဗျာ… 😛 ဖောင်တိန်လေးပဲ သနားတယ်… ပေးခဲ့လိုက်… သူဝမ်းမနည်းစေရဘူး… ဟီးဟီး… Mont Blanc ဆိုရင်ပေါ့ 😛