အကောင်းမြင်ဝါဒီတစ်ယောက်ရဲ့ မြို့ (နေမျိုး)
နေ့တစ်နေ့
မြို့ ကြီးသို့ သားလီးဓားအပြည့် တင်ဆောင်ထားသော
လော်ရီကားကြီးများ ၀င်ရောက်လာခဲ့သည်။
နောက်တစ်နေ့
မြို့ ကြီးသို့ ခွဲစိတ်ကုဆရာဝန်များ
ရောက်လာခဲ့သည်။
နောက်တစ်နေ့
မြို့ ကြီးသို့ မိန်းမပျက်နှင့် ကဗျာဆရာများ
ရောက်လာခဲ့သည်။
နောက်တစ်နေ့
မြို့ ကြီးသို့ စည်သွတ်ဘူးနှင့် ပူပူနွေးနွေးချက်လက်မှတ်များ
ရောက်လာခဲ့သည်။
နောက်တစ်နေ့
မြို့ ကြီးသို့ “အငမ်းမရဖြစ်ခြင်းနှင့် ကောင်းစွာသေဆုံး
ခြင်း” စာအုပ်အသစ်များ
ရောက်လာခဲ့သည်။
နောက်တစ်နေ့
မြို့ ကြီးသို့ ကောင်းကင်ဘုံက ရိုက်လိုက်တဲ့ သံကြိုးစာ
ရောက်လာခဲ့သည်။
နောက်တစ်နေ့
မြို့ ကြီးသို့ တရားဟောဆရာ(တွေးခေါ်ရှင်) နှင့်
အမဲလိုက်ခွေးများ
ရောက်လာခဲ့သည်။
နောက်တစ်နေ့
မြို့ ကြီးသို့ အိပ်ပျော်ရသော သစ်စေ့ (သူ့အိပ်မက်က
သစ်ပင်တဲ့) နှင့် ပိုးဟပ်များ
ရောက်လာခဲ့သည်။
နောက်တစ်နေ့
မြို့ ကြီးသို့ မီးသတ်သမားနှင့် နတ်ကတော်များ
ရောက်လာခဲ့သည်။
နောက်တစ်နေ့
မြို့ ကြီးသို့ နှိုးစက်နှင့် ဘူဖဲများ
ရောက်လာခဲ့သည်။
နောက်တစ်နေ့
မြို့ ကြီးသို့ နေရောင်ခြည်နှင့် လတ်လတ်ဆတ်ဆတ်
ဆီးနှင်းများ ရောက်လာခဲ့သည်။
နောက်တစ်နေ့
“ကောင်းသောနံနက်ခင်းပါ”
မြို့ ကြီးရဲ့ နှုတ်ခွန်းဆက် သ၀ဏ်လွှာကို
ကျွန်တော်က လူကြီးမင်းထံ ရေးသားပေးပို့လိုက်ပါသည်။
နေမျိုး
Comment #2
သားလီးဓား ဆိုတာ စားလုံးပေါင်းအမှန်တော့ ဖြစ်မယ်မထင်ဘူး
Comment #1
အင်း.. ကဗျာကတော့.. တစ်ခါဖတ်တိုင်း… တစ်မျိုးခံစားမှု ပေးပါတယ်…
ကျွန်တော်က ကဗျာဖန်တီးမှု အပိုင်းမှာ သိပ်တော့ နားမလည်ဘူး…
ဒါပေမယ့် ကဗျာတွေကို .. ဖတ်မိပြီဆိုရင်… ဦးနောက်ထဲမှာ စီးဆင်းလှည့်ပတ်နေတဲ့..
လောဘ၊ဒေါသ၊မောဟ၊ အတ္တ တွေကို… ခဏဘေးဖယ်ထားပြီး…
ကလေးတစ်ယေက်လို… ဖြူစင်ပြီး… ရိုးရိုးရှင်းရှင်းလေးပဲ… ခံစားလိုက်တာပါ…
သံသရာစက်ဝန်းထဲက ဒုက္ခနွံတွေထဲက ရုန်းကန်နေရချိန်မှာ…
အခိုက်အတန့် လွတ်မြောက်မှုက
ကဗျာဖတ်နေရတဲ့ အချိန်လေးတွေပါပဲ… ။
လူတိုင်း… သံသရာက အပြီးလွတ်မြောက်နိုင်ကြပါစေ…. ၊