အဝေးဆုံးသို့
ရေသောက်ဖို့ရောက်လာကာမှ
ကန္တာရနဲ့ တိုးခဲ့ရသူ
အိုအေစစ်တစ်ပင်တောင်
မတွေ့ခဲ့သူ
အချိန်တွေကို မေ့လျော့ရင်း
သတိရလို့ကြည့်တော့
ဆောင်းဥတုထဲတိုးဝင်
ရိုးတိုးရဲ့တဲ့ ငါ့ခန္ဓာလည်း
ပုလင်းတွေကြားမှာ
ကုန်လွန်ခဲ့ပြန်ပေါ့
နှိုးစက်မမည်တာကြာပြီ…….
ဓာတ်ခဲမလဲနိုင်လို့
ငါငေးကြည့်ခဲ့ဖူးတယ်……………..
ကလေးတစ်ယောက်လောက်တောင်
စားစရာမရှိတဲ့
ဘဝမှာ
အော်……..! နာရီတောင်
စိတ်ပျက်သွားပြီလား
ထားလိုက်ပါတော့
ငါဒီနယ်ပယ်ဆီက
လွင့်ပြယ်ပျောက်ကွယ်ခဲ့တာ
အချိန်ကြာခဲ့ပေါ့
ဂုဏ်တွေနဲ့ တိုင်းတာတဲ့
ပေတံရှည်ကြီးအောက်မှာ
မျက်နှာငယ်ခဲ့ရတယ့်
အဲဒီလိုနေ့တွေအစား
အခုလို နာရီမဲ့
ရာသီမဲ့ ဘဝက
သာယာပါတယ်……….
အချစ်ဆိုတဲ “နာမ”တစ်ခုကို
ငါမကြားချင်လို့
ပြေးထွက်လာခဲ့ရင်း
ဘေးဘက်အရပ်တွေကို
ငါမျက်လုံးပိတ်ထားတယ်
အချိန်တန်ရင်
အိမ်ပြန်ရမယ်ဆိုတာ
ငါသိလည်းပဲ
အိမ်ပြန်ခရီး ချစ်ပန်းစည်းကို
ငါမဝယ်နိုင်သေးလို့
ငါ့မျက်လုံးတွေ ပိတ်ထားခွင့်ပေးပါ
ဘယ်သူ ငါ့ကို လာနှိုးမလဲ!