ခရမ်းပြာဝိုင် (၁၁)
ခရမ်းပြာဝိုင် (၁၁)
နိဒါန်းမဲ့ နိဂုံး …
မစခင်က ဆုံးပြီးသားပါ
ညီမလေး ခရမ်းပြာ …
နိဂုံးရဲ့ နောက်ဆက်တွဲဖြစ်ရင်
အပြစ်တင်ထိုက်သူဟာ
ရူးမိုက်မိတဲ့ ကိုယ်ပဲ ဖြစ်ပါလိမ့်မယ်။
ဘယ်သောအခါမှ
ပန်မယ်မဟုတ်မှန်း
သိခဲ့ပါလျက်နဲ့
အလွမ်းဝိုင်ပွင့်တွေ
ဝေနေအောင်စိုက်ခဲ့မိတယ်လေ
လတစင်းတော့ မဖြစ်ခဲ့ပါဘူးကွယ် …
ဒါပေမဲ့လည်း
ရေးရေးထင် မြင်သာရုံလေးဖြစ်ဖြစ်
ညနက်နက်မှာ
လက်ကနဲ ဝေ့ခဲ့တဲ့
လင်းပျပျ ကြယ်စင်ငွေ့လေး အဖြစ်နဲ့တော့
အလင်းတချို့ ဝေနိုင်ခဲ့လေမလား …
နက္ခတ်တို့ အိမ်အပြန်၊
တိမ်ယံက အရိပ်နှောင်းနဲ့၊
နိမိတ်ဟောင်းတွေ မချိုခဲ့ပါဘူး၊
အငိုတလှည့် အပြုံးတခါ၊
မုန်းစရာမှ မဟုတ်တာကွယ် …
အိပ်မက်ဖူးတွေကို …
မင်းမခူးခဲ့ပေမဲ့ …
ဝိုင်တပွင့်ရဲ့ ဝတ်ဆံတွေကို …
မင်းမပန်ခဲ့ပေမဲ့ …
မင်းကို လွမ်းတိုင်းတော့
ဂန္ထဝင်ပန်းရိုင်းတွေ
ကိုယ့်လက်ဖျားမှာ ပွင့်ကြပါလိမ့်မယ်
ညီမလေး ခရမ်းပြာရယ် …
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ခရမ်းပြာအတွက်တော့
ကို ဟယ်ရီ ရဲ့ ရင်ထဲမှာ
အလွမ်းကဗျာတွေ အမြဲ ပွင့်နေမယ် ထင်ပါတယ်…