ပြူတင်းတံခါးတွေ ပိတ်နေတယ် (အိုင်လွယ်ပန်)
ရှိနေလား
အနှောက်အယှက်ကင်းတဲ့ တိုင်းဗုံးတစ်လုံးလို အချိန်တန်တော့ ပေါက်ကွဲသွား
လားရာမတူတဲ့ ဆန့်ကျင်ဘက် အတိတ်တွေမှာ ။
ရှိနေလား
မသိကိန်းခပ်များများနဲ့ ပုစ္ဆာတွေ အကြမ်းတွက်ရာတို့ ဗရပွ
သက်ပြင်းကိုချလို့ အသက်၀၀ရှုလိုက်ရတဲ့ နေ့တွေမှာ ။
ရှိနေလား
မှောင်ချိန်မှာမှသိတဲ့ အလင်းရဲ့တန်ဖိုး
နောင်တဟာ ဖော်မြူလာတစ်ခုလို ပေါ်ပြူလာဖြစ်နေချိန်မှာ ။
ရှိနေလား
တောလိုလိုတောင်လိုလို အိပ်မက်ကို
လိုရာဆွဲ နိမိတ်ဖတ်ခြင်းနဲ့ အသားမကျတဲ့ အခါမှာ ။
ရှိနေလား
မှင်ကုန်နေတဲ့ ဘောပင်တစ်ချောင်းအတွက်
မျှော်လင့်ခြင်းကြီးစွာ ရင်ဘတ်ဖြန့်ခင်းပေးထားတဲ့
စာရွက်တစ်ရွက်ရဲ့ သင်္ကေတ တစ်ခုမှာ ။
ရှိနေလား
သူမှန်တယ် ကိုယ်မှန်တယ်နဲ့ ကိုယ့်အမှန်လေးကိုကိုယ် တစ်သသ
ခပ်ရွရွလေးကိုင်လို့ အမှန်ကလွဲလို့ အားလုံးကို စတေးလိုက်ရချိန်မှာ ။
ရှိနေလား
မေးခွန်းကို မေးခွန်းထပ်လို့
ခွဲစိတ်ခံထားရတဲ့ ဒဏ်ရာအနာတရ မကျတ်သေးခင်မှာ ။
ရှိနေလား
မေး ..နေ .. တယ်
ရှိနေလား
ကျွန်တော်ဟာ မေးခွန်းထဲမှာ တိတ်ဆိတ်ခြင်းနဲ့ရင်းနှီးပေါင်းဖက်လို့
ရှိနေလား
ခင်ဗျားတို့မှာကော
တစ်စုံတစ်ခုများ ရှိနေလား ။
အိုင်လွယ်ပန်
Comment #1
ရှိဘူး .. တစ်စုံတစ်ခု…
/*
ကျေးဇူး ကဗျာလေးအတွက်.. (: အမှန်က ဖတ်ပြီးပြီ ဟိဟိ BUT ဒီမှာ ဖတ်ရတော့ ပိုကောင်းသလိုလို (နောက်တာပါ)
ကောင်းတယ် ကဗျာလေးက တကယ်.. (: ကျေးဇူး again.. (:
*/