ခရမ်းပြာသို့
(က)
ညီမလေးရေ …
အချစ်ဆိုတာ
ဘဝမှာ
ခမ်းနားသောအစိတ်အပိုင်းရော
လွမ်းခါးသော အတိတ်သမိုင်းရော
ဖြစ်ခဲ့ဖူးတယ်။
တရံတခါ …
ပန်းတွေပွင့်တဲ့ဥယျာဉ်သာဖြစ်သလို
နွမ်းနေရင့်တဲ့ဆူးပြင်မှာနစ်ခဲ့ဘူးတယ်
မကြာမကြာ အိပ်မက်ပန်းလှေဖြစ်
တစ်ခါတစ်ခါ တိမ်ယက္ကန်းတွေဖြစ်နဲ့
မသာမယာ စိတ်လက်နွမ်းကြေရစ်တတ်သေးရဲ့။
(ခ)
ညီမလေးရေ …
အချစ်ဆိုတာ
တခါတလေ
ကဗျာတွေဖြစ်ပြီး
တာရှည်ရစ်တော့
ဗျာပွေနစ်တတ်သတဲ့။
တချို့ကလည်း သနားလို့ချစ်
တချို့ကတော့ ကစားဖို့ချစ်
တချို့ကလည်း သင်္ချာတွက်လို့ချစ်
တချို့ကတော့ ရင်မှာဝှက်လို့ချစ်
တချို့ကလည်း သဘာဝကြောင့်ချစ်
တချို့ကတော့ ပကာသနကြောင့်ချစ်
တချို့ကလည်း ပေးဆပ်လို့ချစ်
တချို့ကတော့ ဈေးဖြတ်လို့ချစ်
တချို့ကလည်း ကိုးကွယ်ကာချစ်
တချို့ကတော့ ညှိုးငယ်စွာချစ်
တချို့ကလည်း ဘဝအဖေါ်အဖြစ်ချစ်
တချို့ကတော့ ခဏအပျော်အဖြစ်ချစ်
ချစ်ရာကနစ်၊ ဖြစ်ကာမှဖြစ်ရော
မချစ်ဘဲမနေနိုင်သူတွေကတော့
အချစ်ဝဲဗွေလှိုင်မှာ
အမြဲအခြေယိုင်နေကြဦးမှာပါဘဲ။
(ဂ)
ညီမလေးရေ …
အချစ်ကို
လူတချို့က အသက်နဲ့
လူတချို့က အရက်နဲ့
လူတချို့က မာနနဲ့
လူတချို့က စာဂနဲ့
လူတချို့က ပညာနဲ့
လူတချို့က မင်္ဂလာနဲ့
လူတချို့က ဘဝနဲ့
လူတချို့က အလှနဲ့
အလဲအထပ် လုပ်တတ်ကြလေရဲ့
အမြဲမပြတ် အတွေးရောင်စုံနဲ့
သွေးဆောင်တဲ့ဘုံ ပေါ့ကွယ်
(ဃ)
ညီမလေးရေ …
အချစ်သဘာဝကို
ပမာပြဖို့ သာဓကများစွာရှိသတဲ့။
ပေးဆက်ရခြင်း
ထွေးဖက်ရခြင်း
ပြိုင်ဆိုင်ရခြင်း
ပိုင်နိုင်ရခြင်း
အသပြာမက်ကြခြင်း
ယမကာဖက်ကြခြင်း
ဝမ်းသာကြည်နူးရခြင်း
လွမ်းကဗျာသီကျူးရခြင်းတွေဟာ
နေထန်တပေါင်းနွေမှာ …
ဟေမာန်ဆောင်းလေမှာ …
ဝေသန်နှောင်းရေမှာ …
နေရာမရွေး
ခြေရာလေးတွေထင်နေရဲ့။
(င)
ညီမလေးရေ …
ပြာရီတဲ့အချစ်ကို
ကဗျာသီဖွဲ့လှစ်ဆိုရင်
ဟစ်ငိုစရာလည်း ရှိ
အနှစ်ချိုသကာလည်းအတိပေါ့။
စိတ်ရိုင်းပွေတဲ့အခါပွေ
အရိပ်မှိုင်းဝေတဲ့အခါလည်းဝေနေရဲ့။
သွန်ကာလည်းချစ်ကြ
နွံမှာလည်းနစ်ကြရင်း
ချစ်ပွဲဝင်ဖို့ စစ်ပွဲဆင်ကြရာက
အသာရသွားတဲ့ ရာမ ရဲ့ ဘုန်း
ပြာကျသွားတဲ့ ရာဝဏ္ဏ ရဲ့ နှလုံး
ကဗျာညမှာ ဘယ်သူမှမရှုံးပါဘူးကွယ်
(စ)
ညီမလေးရေ …
အကျင့်သိက္ခာ နဲ့ မာနဟာ
ချစ်လိပ်ပြာရဲ့ဈာပနပါဘဲကွယ်
သိက္ခာတရားရဲ့ သစ်ရိပ်မှာခိုမှေးဖို့
စိတ်မှာနားတဲ့ ချစ်လိပ်ပြာကိုစတေးလို့
သွေးစို့နေတဲ့မာနတရားကိုကိုင်ဆွဲရင်း
ကိုယ်တိုင်ပဲဈာပနပို့လိုက်ခဲ့ရတယ်လေ
အရာကျသွားတဲ့ ရာဇ
ကာလရထားရဲ့ သဘာဝကို
မကြာခဏကြားဖူးခဲ့တဲ့
တရားထူးနဲ့အဖြေလည်းဖွေရှာပေမယ့်
ဝေဒနာကဲတာ
နွေတရာထဲမှာပါဘဲလေ။
(ဆ)
ညီမလေးရေ …
အချစ်ကြောင့်
သောကထွေပြားရတယ်
ဒေါသတွေပွားကြတယ်
မောလျရှည်လျားသောညနက်ခင်းမှာ
သက်ပြင်းမောအခါခါရှိုက်နှောလို့
ပျက်ယွင်းသော သာယာလှိုက်မောဘဝကို
နက်စင်းသောမာယာအမြိုက်တောထဲက
မိုက်သော သူတစ်ယောက် တမ်းတဖွေရှာရင်း
နွမ်းလျနေကာ …
လွမ်းညရှည်ကြာ တာမျိုးလဲရှိရဲ့။
(ဇ)
ညီမလေးရေ …
အခုတော့လဲ
အိပ်မက်ရွာအိုမှာ
မှိတ်စက်ကာခိုလို့
ကဗျာပျိုတွေ ဝေနေအောင်စိုက်
တေလေမှောင်မိုက်မှာ တမ်းတ
အလွမ်းညရင်ခွင်ထက်မှာ
လွင်ပြင်နက် ထောင့်ကွယ်ကနေ
ကြယ်စင်ဖြူကို လွမ်းတသူဟာ
အန္ဓလူဘဲကွယ့်
ဘယ်သူများဖြစ်မလဲ
ဆင့်ကဲတွေးမိပြန်တော့
ကြည့်မှန်တချပ်လဲ
ဖျတ်ကနဲ ကွဲအက်ရှ
ဘဝ ဆိုတာ
အလှမ်းကွာဆဲ
လမ်းမှာဘဲနေရင်း
မတမ်းသာလဲ
လွမ်းစရာဘဲလား
မှန်းကာသီဆတွေးပါဦး
နှုတ်ခမ်းလွှာနီမြထွေးနဲ့
ခရမ်းပြာညီမလေးရယ် ….
ကဗျာရွာက ထုတ်ဝေတဲ့ စာပန်းချီ မဂ္ဂဇင်း အမှတ် (၂) မှာ ဖော်ပြခဲ့ဖူးပါတယ် …
ဟယ်ရီ
Comment #1
ကိုဟယ်ရီ ခရမ်းပြာ ကဗျာတွေ ပြန်တင်ပေးတာ ကျေးဇူး..
ဒါနဲ့ ကိုဟယ်ရီ ဘာစိတ်ကောက်နေတာလဲ? စိတ်မကောက်နဲ့ ဘွင်းဘွင်းကြီးသာ ရန်တွေ့ပစ်လိုက် သိလား..