ကမ်းပါးမရှိတဲ့မြစ် (ပိုင်စိုးဝေ)
(၁)
ငွေရတုရက်ကို
လက်ပြနှုတ်ဆက်
နေ့ရက်အသစ်များ
တွား..သွား..ရွေ့ရွေ့
ဆယ်နှစ်တစ်ဖန်ပြည့်တော့မည်။
မျဉ်းမတ်တစ်ကြောင်း
မှတ်တိုင်ဟောင်းမှာ
အကြာကြီးရပ်
မပြတ်သားပဲ တွေဝေဆဲတွင်
ရင်ထဲတိုးဝှေ့
အနာဂါတ်နေ့တချို့
ငါ့ကိုဖြတ်သန်းသွားကြပြီ။
အိပ်မက်အယ်လ်ဘမ်မှာ
ရောဂါသစ်များ..တိုးပွားနေဆဲ
ဆွဲနှုတ်မရ
နေ့ညထပ်ထပ်
ရစ်ပတ်တင်းကြပ် တရစပ်ပင်
နှလုံးသား၏ အပြာရောင်လွင်ပြင်
အကုသိုလ်တရားတို့စူးဝင်ခဲ့ပေါ့။
(၂)
ဘဝအမြင်..ဂန္ထဝင်လက်သစ်
အချစ်
သစ္စာတရား
ရိုးသားမှုအကြောင်းဖွဲ့နွဲ့သူ
မြစ်ကိုဆန်လျက်
လှော်တက်မေ့ကျန်
ပစ္စုပ္ပန်မှာ
ငါ..အနာဂါတ်မဲ့ လမ်းလျှောက်သူ
(နွေဦးရက်တွေအကြောင်း သီချင်းမဆိုနိုင်တဲ့
ဥသြငှက်တစ်ကောင်ရဲ့ ကြေကွဲမှုလို)
ယာခင်းထဲက
အမေအိုရဲ့ဘဝကို
အဝေးကတမ်းတပူဆွေးသူ။
(၃)
ဟိုမှာ……..နှင်းများ
မှုန်……ဝါး…….ဝေးကျန်
ဥပါဒါန်လား
တမလွန်အလား
စကားတိတ်ဆိတ်
မသိစိတ်လား
နှလုံးသားထဲ
တဖွဲဖွဲသွန်ချ
သံဝေဂလား။
(၄)
ဒိုင်ယာရီကြား
မင်နီတားခဲ့
ငါ့ရဲ့မွေးနေ့
ငါ့အချစ်မီး ယိုစီးတဲ့နေ့
ကိုယ်ကျင့်တရား ဆုံးပါးတဲ့နေ့
……… ………… …………
………. ………. …………
ထိုနေ့များတွင်
မသိမှုတရား
ချောက်ကမ်းပါး၌
အသွားထက်ထက် ဓားတစ်လက်ပေါ်
ခြေချော်လဲကျ
လူးလဲပြန်ထ
အတ္တပွေ့ဖက်
ရှေ့ဆက်လျှောက်ရင်း
ပျော်စရာသီချင်းတစ်ပုဒ်ကို ငါဆိုလျက်။
(၅)
ဟိုမှာ…
မာယာမြစ်ထဲ
ပန်းတွေကျဲချ
ငါ့မာနကို
ဖွဖွဆုပ်ကိုင်
လှောင်ရယ်နိုင်ခွင့်
ဘဝလွင့်ပါး
မြူတွေကြားက
လက်ပြနေတာ ဘယ်သူလဲ။ ။
ပိုင်စိုးဝေ
၁၉၈၇
ဖေဖော်ဝါရီ ၊စပယ်ဖြူ
စာရေးဆရာမ အစ်မ မနော်ဟရီ ရဲ့ ကျွန်မချစ်သောကဗျာများ မှာ ဖတ်ဖူးတာပါ.
Comment #1
ကဗျာကောင်းလေးအတွက် ကျေးဇူးပါရှင်…