ရူးကြောင်ကြောင် အတွေး
လူဆိုတာ မွေးလာကတည်းက စာအုပ်တစ်အုပ်နဲ့အတူလောကထဲရောက်လာတာပါ။အဲ့ဒိစာအုပ်ကို ငါတို့မင်းတို့ မပိုင်ဘူး။ ငါတို့ကိုယ်ခန္ဓာကို ငါတို့ပိုင်တယ်။ ဒါပေမယ့် အဲ့ဒိစာအုပ်က ငါတို့ကိုပိုင်တယ်။
စာအုပ်ထဲမှာ နိဒါန်းပါတယ်။စာကိုယ်ပါတယ်။နိဂုံးပါတယ်။နိဒါန်းကတော့ မွေးဖွားစဉ် အချိန်ကနေ ပထမ အရွယ်အထိ ရေးထားတာပေါ့။ စာကိုယ်ကတော့ ဒုတိယအရွယ်ကို ရေးထားတယ်။နိဂုံးကတော့ တတိယအရွယ်နဲ့ မင်းဘ၀ အဆုံးသတ်ချိန်ပေါ့။
မင်းအရွယ်က နိဒါန်းဆိုပေမယ့် စာကိုယ်ရှိတဲ့ စာမျက်နှာတွေကို လှန်ကြည့်လို့မရဘူးနော်။နိဂုံးလဲ အဲ့ဒိအတိုင်းဘဲ။ ဒါပေမယ့် မင်းမနက်ဖြန်တစ်ရက်ကူးလိုက်တာနဲ့အမျှ အဲ့ဒိစာအုပ်က တစ်ရွက်လှန်သွားတယ်။ပေါ်လာတဲ့ စာမျက်နှာမှာ အဲ့ဒိနေ့အတွက် မင်းလုပ်ရမယ့်အကြောင်း ကိစ္စ အလုပ်တွေအားလုံး ရေးထားတယ်။ တစ်လုံးတစ်ပါးမှ မလွဲသွားဘူး။ အားလုံးကွက်တိဘဲ။
အမှန်က မင်းဆုံးဖြတ်ချက်နဲ့မင်းလုပ်နေတာမဟုတ်ဘူး။စာအုပ်ထဲမှာရေးထားတဲ့အတိုင်း လုပ်နေရတာ။မင်းရဲ့ အောင်မြင်မှု ၊ကျရှုံးမှု ၊ချမ်းသာမှု ၊ဆင်းရဲမှု အားလုံး စာအုပ်ထဲမှာပါပြီးသား။ အောင်မြင်တဲ့စာမျက်နှာရောက်ရင် မင်းအောင်မြင်မယ်။ ချမ်းသာတဲ့စာမျက်နှာရောက်ရင် မင်းချမ်းသာလာမယ်။
စာမျက်နှာမှာရေးထားတဲ့အတိုင်း စာသားတွေကို ပြင်လို့ဖြည့်လို့ မရဘူးနော်။ စာထဲမှာရေးထားသလောက်ဘဲ မင်းရမှာ။ မင်းဘယ်လောက်ကြိုးစားနေပါစေ စာမျက်နှာထဲမှာ ရေးထားပြီးသားထက်ပိုမရဘူး။
မင်းစာအုပ်က သူများစာအုပ်တွေနဲ့မတူဘဲ ထူးထူးခြားခြား ပါးလှနေရင်တော့ လောကကြီးထဲက အစောကြီး ထွက်သွားရမှာပေါ့။တကယ်တော့ ငါတို့ဟာ အဖြေထွက်ပြီးသား ပုစ္ဆာတစ်ပုဒ်ကိုပဲ အစကပြန်တွက်နေတာပါ။
ငါတို့နဲ့အတူ မွေးဖွားလာတဲ့စာအုပ်ကို ဘုရားဘဲမြင်ရပြီး ငါဆို့မမြင်ရဘူး။ဘုရားဘဲပိုင်ပြီး ငါတို့မပိုင်ဘူး။
ဒါပေမယ့် စာအုပ်ကြီးရဲ့ နောက်ဆုံးစာမျက်နှာကိုတော့ တွေးကြည့်ရင် မြင်နိုင်ပါတယ်။
ပိုင်ဆိုင်မှုဆိုရင်လဲ အဲ့ဒိနောက်ဆုံးစာမျက်နှာ ကိုဘဲ ထိုးပြရလိမ့်မယ်။
ဟုတ်ပါတယ်။ ။
စာအုပ်ကြီးထဲက ငါတို့ပိုင်တာ တစ်ခုတည်းရယ်ပါ။
အဲ့တာကတော့………..
“သေဆုံးခြင်းပဲ ”