ဘ၀ဋီကာ
ဒီမှာ လူကြီးမင်းများ …
ငါဟာ ဘာမှမဟုတ်တဲ့အတွက်
ခင်ဗျားတို့ရဲ့ ပရမ်းပတာဥပဒေနဲ့ ငါ့လွတ်လပ်မှုကို
တရားစွဲဆိုစရာမလိုဘူး …
ငါ့လွတ်လပ်မှုနဲ့ ငါ
မီးစာမကုန်ခမ်းသေးတဲ့ နေမင်းကြီးကို
ကောင်းကင်ထက်ထွန်းညှိထားတယ် …
ငါ့လွတ်လပ်မှုနဲ့ ငါ
မာသာထရီဆာလို မိဘမဲ့နေတဲ့ မြန်မာပြည်သူပြည်သားတွေကို
နှလုံးသားနဲ့ ချစ်တယ် …
တလက်စတည်း ငါ့လွတ်လပ်မှုနဲ့ပဲ
သူတို့ကို ပြုစုပျိုးထောင်သွားမယ် … လို့ စိတ်ကူးတယ် …
ကဲ … ထားပါ …
အခုလောလောဆယ်တော့ ငါ့နှုတ်ခမ်းများကို
သွေ့ခြောက်ခွင့်ပေးကြပါဦး …
သွေ့ခြောက်တဲ့ ငါ့နှုတ်ခမ်းနဲ့ ကဗျာစမ်းရေကို သောက်တဲ့အခါ
ငါဟာ နတ်ပြည်က အအေးဆိုင်တစ်ဆိုင်မှာပဲ …
– – – – – – – – – – – – – – – – – – –
– – – – – – – – – – – – – – – – – – –
ငါ့ လွတ်လပ်မှု နဲ့ ငါ
သထုံမြို့ဟောင်းက ကောင်မလေးကို လွမ်းတယ် …
သရေခေတ္တရာက အကြော်သည်ကို အိပ်မက်မက်တယ် …
တကောင်းမြို့ဟောင်းက ဗမာစကားသိပ်မပီတဲ့လူကြီးကို စကားလှမ်းပြောတယ် …
ဒါတွေ အားလုံးဟာ ခင်ဗျားတို့အားလုံးနဲ့ လားလားမျှမသက်ဆိုင်တဲ့
ငါ့လွတ်လပ်မှုတွေပဲ …
လူလွတ်လပ်မှ စိတ်လွတ်လပ်မယ် …
စိတ်လွတ်လပ်မှ အတွေးအခေါ်တွေ လွတ်လပ်မယ် …
အတွေးအခေါ်လွတ်လပ်မှ ခြေလှမ်းတွေ လွတ်လပ်မယ် …
ခြေလှမ်းတွေ လွတ်လပ်မှ အနာဂတ်တွေ လွပ်လပ်မယ် …
အနာဂတ်တွေ လွတ်လပ်မှ ငါတို့ရဲ့ မိဘတွေ အသက်ပြန်ရှင်မယ် …
ဒါပေမဲ့ တခုတော့ရှိတယ် …
ခင်ဗျားတို့လွတ်လပ်မှုနဲ့ ကျွန်တော့်လွတ်လပ်မှုမှာ လေးစားမှုတော့ ရှိပါစေ …
လျံနိုး
အောက်တိုဘာ ၇ ည ၁၀ နာရီ ၃၆ မိနစ်