တစ်ဝက်တစ်ပျက် လက်ခုပ်သံတစ်ဖက်
တစ်ဝက်ကမကောင်းဘူး
ဒုတိယက မကောင်းဘူး
ဒါဟာ ကန့်သတ်ချက်တွေထဲက
လျှံထွက်လာတဲ့ စကားစု
ဘယ်သူက တစ်ဝက်ကိုပိုင်ဆိုင်ချင်မလဲ
ဘယ်သူက ဒုတိယ ဖြစ်ချင်မလဲ
လူအဖြစ်ရပ်တည်ချိန်သာ ပထမကိုသာ တန်းစီချင်ကြသူတွေမဟုတ်လား
ဒါပေမယ့် ငါကတော့
ဒုတိယ ချိတ်သွားခဲ့ပြီ
တစ်ဝက်တစ်ပျက်တဲ့ (တစ်ဝက်တည်းရှိကာမှ ပျက်နေရသေးတယ်)
ဘယ်မှာကောင်းတာရှိဦးမလဲ
ဒါပေမယ့်…. နင်ရေ
ငါကတော့
ငါ့ရဲ့ တစ်ဝက်တစ်ပျက်အိပ်မက် အကျိုးအစတွေ
လက်မှာကိုင်ဆုပ်လို့
အိပ်မက်တွေထဲ ပြန်ရှာချင်သူ
အနာဂတ်ထဲ ဖြစ်တည်စေချင်သူပါ
“လက်ခုပ်သံဟာ လက်တစ်ဖက်တည်း တီးလည်း မြည်တယ်”
ကိုဝန်းရံအဆိုကို ငါထောက်ခံတယ်
ဒါပေမယ့် လက်ခုပ်သံဟာ မပီသဘူး
မသေချာဘူး
ငါဟာ……
လက်ခုပ်သံမြည်အောင် လက်တစ်ဖက်တည်း တီးခဲ့သူပါ
(အစက နှစ်ဖက်ပေမယ့်
မရေရာ မသေချာစွာ တစ်ဖက်တည်း ကျန်နေခဲ့တယ်)
ဒါကြောင့်…… ငါ့အိပ်မက်တွေ
ငါ့ရင်ခုန်သံတွေ
ငါ့ပစ္စုပ္ပန်တွေ
မတိကျဘူး
မပီပြင်ဘူး
နင်သိရဲ့လား
လက်ခုပ်သံ တစ်ဖက်တွေက
ကျိုးပြတ်နေတယ်ဆိုတာ….။