ပြောင်းပြန်စီးဝင်သွားသော အချိန်များ – နရီထက်
ရှင်သန်စေချင်တယ်
အခုထက်ထိပေါ့
သို့ပေမဲ့ တစ်ခဏတာ
အလှည့်အပြောင်းကြား
လှည့်စားခဲ့ကာ သွားခဲ့တယ်
အလှည့်အပြောင်းတစ်ခုလို့
ဆိုတတ်ကြလေသလား
အတိတ်ဆိုတာ အရိပ်တစ်ခုဆို
မျက်နှာလေးတောင် မမြင်လိုက်ရဘူး
အသံဆိုတာ စိမ့်ဝင်ခြင်းဆို
ငါနားတွေ ဆို့အ ပိတ်ကန်းနေခဲ့ရတယ်
အမှတ်တရ ဆိုတာ ထာဝရဆို
နောက်ဆုံး စိတ်လိုချက်အရ
လိုအပ်တဲ့ ကွက်လပ်တစ်နေရာက
နေချင်တဲ့ နေရာသစ်တစ်ခုမှာ
ထားရစ်ခဲ့တယ် မဆိုသာ
အလွမ်းတွေနှင့် ရူးသွပ်စွာ
ပိတ်ပင်ခဲ့ကြတာပါ
နွေးထွေးတဲ့ ရောင်ခြည်တစ်ခု
အရမ်းတောက်ပလွန်းတော့
ငါ့ရင်မှာ ပူလောင်ခဲ့တယ်
အေးချမ်းတဲ့ နှင်းဆွေးတစ်ခု
လွှမ်းမခြုံနိုင်အောင် ပြုစားရစ်တော့
ဆွေး ခိုက်ခိုက်တုန်တဲ့
စိတ်အဆာတွေကြားမှာ
အရိုးအက်အောင်
ပျော့ခွေနေခဲ့တယ်
တဖြည်းဖြည်းတရွေ့တရွေ့
ခုတ်မောင်းဖြတ်သန်းနေတဲ့
နာရီလက်တံတွေကြား
အမှတ်တမဲ့နေခဲ့တယ်
ရှေ့နိမိတ်တွေနှင့် ပျော်ရစ်ခဲ့တယ်
နောက်တစ်ပိုင်းက အရိပ်ကိုလည်း
မေ့တေ့တေ့ နေခဲ့ချင်တယ်
လက်ရှိမှာလည်း ခေါင်းအေးအေးလေး
နေဖူးချင်တယ်
သိုပေမဲ့ အချိန်ဆိုတဲ့
မှော်ဝင် ကိရိယာတစ်ခုက
ငါကို ငါကို . . .
သာမန် ပုံစံခွက်တွေကြားမှာ
ရုပ်ထုအသွင် ဖန်ဆင်းခဲ့တယ်. . . ။ ။
နရီထက်
( ၁၅ ၊ အောက်တိုဘာလ ၊ ၂၀၁၀ )