မကျက်တကျက် ပေါင်မုန့်
ငါဆိုတဲ့ မိဿပေါ့ ….. မတောက်တခေါက် ဗဟုသုတလေးနဲ့ မကျက်တကျက် ပေါင်မုန့် တစ်ချပ်လို ဘ၀ကိုများ စားပွဲပေါ်မှာ ပနံတင့်ဖို့ အဆင့်မြင့် ကော်ဖီတွေနဲ့တွဲ ပွဲဝင်ချင်နေလိုက်တာ မတန်မရာပါပဲ။ ကံကြမ္မာစက်ဝန်းမှာ လောကဓံ ပဉ္စလက်ဆရာ ပြုသမျှနုနေရတဲ့ စနေသူရူးလေး အရသာမပြည့်မစုံ ရပ်တည်နေပုံက ဓါတ်ကြီးလေးပါးကတောင် အဖက်မလုပ်ချင်ကြဘူး။ ငါကလည်း ပေါင်မုန့်ပီပီ ပဋိသန္ဓေပါ ညာဉ်လေးနဲ့ ကိုယ့်ရဲ့စံညွှန်းကိန်း တန်ဖိုးတွေ မထိပါးဘဲ ဘယ်လောက် အတိုင်းအတာအထိ အလျော့ပေးရမလဲပဲ တွေးနေတတ်သူလေ။ ဒီလိုနဲ့ နေလာလိုက်တာ တစ်နေ့မှာတော့ ပထ၀ီနဲ့အာပေါက အချိုဓာတ်လေး စပေးရှာတယ်။ ဒါပေမယ့် အမြှီးကျက် အမြှီးစား ခေါင်းကျက် ခေါင်းစား အလေ့အထတွေတော့ ငါ မယဉ်ပါးသေးတာ အမှန်ပဲ။ အဲ့ဒီမှာပဲ တေဇောနဲ့ ပထ၀ီပေါင်းပြီး အချဉ်ဓာတ်လေးနဲ့ ငါ့ကိုလာ မိတ်ဆက်တယ်။ ခက်တာက အချဉ်ဆိုတာ အက်ဆစ်ဓာတ်လေ ….. ဒါနဲ့ပဲ ငါ့ငရဲမီးတွေ ဟုန်းဟုန်းထတောက်ခဲ့သေးတယ်။ အာပေါလည်း မနေသာတော့ပဲ တေဇောနဲ့ပေါင်း အငန်ဓာတ်လေးနဲ့ ငါ့ကို ပြန်ထိန်းရှာပါတယ်။ ဒါပေမယ့် အိုးမည်းသုတ်ခံခဲ့ရတဲ့ ငါ့ကို မမှတ်မိလေတော့ မသိမသာလေးတော့ အခွပ်ခံလိုက်ရတယ်။ သိပ်တော့ ကိစ္စမရှိပါဘူး။ အပြိုင်အဆိုင် သူနိုင် ငါရှုံး မမှုံးလိုက်ရဘဲ ပွဲပြီးသွားပါတယ်။ ၀ါယောလည်း မနေသာတဲ့အတူတူ တေဇောနဲ့ အဖော်ပါလာပြီး ငါ့ကို အစပ်ကလေး မြည်းစမ်းစေတယ်။ မိဿရဲ့ ဓာတ်သဘော တေဇောက စိုးမိုးတာမို့ ဒီအရသာ င့ါအကြိုက် ဘ၀င်ခိုက်ခဲ့ရသေးတယ်လေ။ တေဇောရဲ့ အရှင်မွေး သူကောင်းပြုမှုကြောင့် မိဿ တစ်ယောက် ငါးသုံးကဗျာမြစ်ထဲမှာ ဒီမိုး ဒီလေ ဒီလူတွေနဲ့အတူ မျောပါခဲ့ရတာပေါ့။ ပဋိပက္ခတွေက ငါ့ကို အာကာသနဲ့ မိတ်ဆက်ပေးတဲ့အခါ ၀ါယောက နောက်ကပါလို့ အခါးဓာတ်လေးကို ငါတွေ့ရှိခဲ့ပြန်တယ်။ ငါ့ကိုယ်ငါလည်း လူမှုရေး ကျမ်းကျေတဲ့ အနက်ရောင် ချောကလက်လေးအဖြစ် အာဝဇ္ဇန်း ရွှင်ရွှင်နဲ့ အရသာသက်သက်လေး ဆွဲဆောင်ခဲ့သေးတယ်။ ရွှေထီးဆောင်းတာထက် မျက်ဖြူဆိုက်တာ ဆရာကြိုက်တယ်ဆိုပဲ။ ဘာရယ်တော့ မဟုတ်ပေမယ့် “အလုပ်တူ ငြူစူ” ဆိုတဲ့ ဒီစကားလေးကို အားနာစွာနဲ့ ငါတပ်ဆင်ကြည့်လိုက်တော့မှ အမြင်တွေ မှုန်ဝါးခဲ့သမျှ အလွန်ပဏာရ အံကိုက်လှတာ ထင်ထင်ရှားရှား မြင်လိုက်ရတယ်။ ဘ၀ပေး ကြောင့်ကြမှုတွေကို ငါ နှုပ်လှန်ဆိုးဆိုး ထိုးဆွပြီး မှိုချိုး မျှစ်ချိုး ပြောပစ်လိုက်တာ မုသာဝါဒတွေလေ လျှာနဲ့အတောင်ပေါက်ပြီး နန်းဆင်းပွဲခံ သွားကြတယ်။ ဒီအချိန်ကျမှ ပထ၀ီနဲ့ ၀ါယောတို့ နှစ်ဦးသား ပခုံးဖက်ပြီး အဖန်ဓာတ်လေးနဲ့ ငါ့ကို ချော့သိပ်ကြတယ်လေ။ သူရူးလေးငါ စိတ်ကူးယဉ် လိုက်ပုံက အကယ်၍များ ဧကရာဇ် တစ်ပါးသာ ဖြစ်ခဲ့ရင် အလုပ်ကောင်းပြီး အကျင့်ညံ့တာကို လက်ခံကြမလား ….. အကျင့်ကောင်းပြီး အလုပ်ညံ့တာကို လက်ခံကြမလား စဉ်းစားတွေးတောမိတယ်။ ခင်ဗျားတို့ရဲ့ ဥာဏ်ကြေးမုံပြင်ပေါ်ကို ရဲရဲတင်ပြီး ရှုစားလိုက်စမ်း စေချင်တယ်။ ရွှေမှန်ရင် မီးမကြောက်သလို ပတ္တမြားမှန်ရင် နွံနစ်လည်း ခဏပါပဲလေ။ သစ်စိမ်းချိုး အချိုးခံခဲ့ရတဲ့ ဘ၀ပေး Negative တွေကို Positive ပြောင်းဖို့ Win – Win Situation ပဲ ငါရွေးတာ မှားသလား။ ဥပါဒါန်ကြောင့် ဥပါဒ်ရောက်နေကြတာ မသိကြလို့ပါ။ တစ်ကယ်တော့ ဥပါဒါန်ဆိုတာ အ၀ိဇ္ဇာရဲ့ သမီးတော် အမုန်းတရားရဲ့ မိဖုရား ဒုက္ခဆင်းရဲအပေါင်း၏ မိခင်ဆိုတာကို ငါ ပြောပြလိုက်မယ်။ ငါကတော့ ရွှေငွေရတနာတွေထက် အရည်ရွှမ်းတဲ့ မေတ္တာသစ်သီးတွေပဲ မက်မောတယ်။ ဆွတ်ပျံ့တဲ့ သစ္စာ တေးသံတွေပဲ သာယာ နားငြောင်းတယ်။ ဒီလိုဆို ကဗျာမြစ်ကြီးကို ဘယ်သူကများ မိုးချုပ်စေချင်ပါဦးမလဲ။ ကာယသိဒ္ဓိ ပီယသိဒ္ဓိဆေးတွေမလို၊ အင်း အိုင် ခလှဲ့ လက်ဖွဲ့တွေ မပါဘဲ ငါ ရပ်တည်နေနိုင်ပါသေးတယ်။ နောက်ဆုံးသော တစ်နေ့အထိ မရောက်ခင် မိဿတစ်ယောက် ရာသီစက်ဝန်းမှာ ကဝေတစ်ပါးလို ကကွက်ဆန်းတွေနဲ့ မရဏမင်းနဲ့ မတွေ့မချင်းတော့ အနော်မာမြစ်တွင်းမှာ ပျော်နေဦးမှာပါလေ ……….