Professional Authors

အမည်မဖော်လိုသော ချစ်သူနှစ်ယောက်

 


ဆုံဆည်းခွင့် အနတ္တနဲ့

ငါကတော့ ဗလာနတ္ထိ

မက်လက်စ အိပ်မက်တွေကို

ကပိုကရိုခေါက်သိမ်း

ခြောက်ကပ်တဲ့ သန်းခေါင်ယံတွေကို

အိပ်ငွေ့ချရင်း

တစ်ကိုယ်ရည် လွမ်းဆွတ်မှုတွေ

ချုပ်တည်းလို့

ဆန္ဒတွေ ခါးသက်သက်နဲ့

ခြောက်လှန့်ခံနေရတာ

မင်းဟားတိုက်ရယ်လိုက်စမ်းပါ

……. ချစ်သူရယ် …….

ငါ့ငရဲငါထမ်း

ငါ့လမ်းငါလျှောက်ခဲ့တာပါ

ဆန္ဒကြိုးဆွဲရာ ဒရွတ်ဒသီနဲ့

ငါ့ခန္ဓာမပါနိုင်တော့မှ

ကိုယ့်ကိုယ်ကို လျစ်လျူရှု

လက်ပိုက်ကြည့်နေရတာ

ဘာနဲ့မှမတူအောင် အတ္တဆန်လွန်းတယ်

ရေကြည်ရာမြက်နုရာမဟုတ်ဘူး

ရေမကြည်လည်းမြက်နုတယ်

……. ချစ်သူရေ …….

ဆက်သွယ်မှုပြင်ပကပဲ ဆက်သွယ်မှုရှိကြမယ်

ဆုပ်ကိုင်ထားပါရစေ

……. မင်းကို …….

ဆုပ်ကိုင်ထားပေးပါ

……. ငါ့ကို …….

အကြင်နာထက် ယုံကြည်မှုဆိုတာကို

ငါတို့ရင်နဲ့လွယ်ကြမယ်

အရောင်တွေ

ဘယ်လောက်ပဲပြောင်းပြောင်း

ချည်နှောင်မှုတွေက

လှုပ်လေတင်းလေ

တစ်ကယ်လည်း ဝေးလို့ရတာမှမဟုတ်ပဲ

ငါတို့ဆိုညည်းလိုက်တဲ့

သံစဉ်တွေတိုင်းကိုက မျက်ရည်စက်လက်

ကျေးဇူးပြုပြီး

အုပ်ထားတဲ့ မျက်နှာဖုံး မခွာလိုက်ပါနဲ့

ဒီမှာ ချစ်သူ

ထပ်မံဖြည့်စွက်စရာတွေ အများကြီး

အသံမမြည်တဲ့ဆည်းလည်းလေး

အသံတိတ်အော်မြည်ဖို့

အဘိဓာန်တစ်အုပ်စာ အခန်းဆက်ရေးဦးမယ်။

In: ကဗျာ Posted By: Date: Oct 17, 2010
Comment #1

Nice.
🙂

commentinfo By: ei lay at Dec 9, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment