ခင်တွယ်မိသော ၀မ်းတစ်ထွာ – နရီထက်
ညရောက်မှ ကြယ်တာရာကို
မြင်တွေ့ခဲ့ရတယ်
နေ့ရောက်မှ လင်းရောင်ခြည်ကို
ကျေနပ်ခဲ့ရတယ်
လေပြေလာမှ လေညှင်းလေးကို
ခံစားရသလိုပဲ. . .
နေ့မြင် ညပျောက်
ကြက်ကလေး ဌက်ကလေးတွေ
ပျောက်သလိုတော့ မဟုတ်ခဲ့ဘူး
မနေ့က သူ နေကောင်းနေခဲ့တယ်
ဒီနေ့မှာတော့ ငါကို နှုတ်ဆက်ထွက်ခွာသွားပြီး
ဒီနေ့က မနေ့ကလို ဖြစ်နေခဲ့ရင်
သူ နဲ့ အဆုံးသတ်စကားတွေ
ပြောဖြစ်မှာ သေချာခဲ့တယ်
ခင်တွယ်မရှိတဲ့ ဒီလောက
မက်လောက်စရာ မရှိတဲ့ ဒီလောက
နေချင်စရာ မရှိတဲ့ ဒီလောက
အဲဒီလောကကိုပဲ
ငါတို့ အားလုံး နပန်းလုံး
ဖက်တွယ် ရန်ဖက်
ချစ်ခင် နှစ်သက်
မုန်းဖန်တစ်မျိုး ချစ်ရေးတိုးလို့
အောင့်သက်သက် အနမ်းတွေလည်း
ဒီလောကကိုပဲ ပေးခဲ့ကြတယ်
မဟုတ်လား. . .ချစ်မိတ်ဆွေ. . .
လှမ်းမမြင်သေးတဲ့ အနာဂတ်ကိုလည်း
တွေးရေးခဲ့တယ်
အတိတ်က အရေးကိုလည်း
အရိပ်လို ပြေးလိုက်ခဲ့သေးတယ်
လက်ရှိမှာလည်း ကောင်းကောင်းလေး
နေချင်သေးတယ်
အတွေးအတိတ်နိမိတ်ထဲမှာ
ဟိုအဝေးက သမုဒ္ဒရာက
ဘယ်လောက်နက်မယ် မသိ
ငါစိတ်မှာတော့ ဒီဝမ်းတစ်ထွာကို
ပေတိုင် နေမိတယ်
မနက်ဖြန် မနက်ဖြန်
မနက်ဖြန် ဆိုသည့်တိုင်
နောက်ဆုံး မနက်ဖြန်သည့်တိုင်. . .။ ။
နရီထက်
( ၂၇ ၊ အောက်တိုဘာလ ၊ ၂၀၁၀ )