မေးခွန်း (၁)
(2010.11.07)
ချစ်သူ…
ငါက မင်းဘဝမှာ မရှိဘူးဆိုရင်တောင်
မင်းက ငါ့ဘဝထဲမှာ တနေရာရပြီးသားပါ…။
အချစ်တွေပြည့်နေလို့ 
အသိတရားတွေ ထပ်မစားချင်တော့ပါဘူး
အလွမ်းကျေဆေးတစ်ခွက်လောက်ပဲတိုက်ပါ…။
ဒီနေ့ 
ဟိုး…မိုးကောင်းကင်ကနေ
ပစ်ပယ်ခြင်းတွေနဲ့ အတူ
ငါ့ကိုငါ ရွာချလိုက်တယ်
အထီးကျန်ခြင်းတွေ အုံ့မှိုင်းပြီး
အလွမ်းတွေ တလက်လက်ပစ်…
မိုးချုပ်မှပဲ
ရယ်သံတွေ အက်တက်တက်နဲ့
နေသာ သွားတယ်…
အတွေးတွေများပဲပေမယ့်
အိပ်မက်တွေစူးချင်စူးပါစေ…
နားလည်မှုတွေကြား ပင်ပန်းလှပြီမို့ 
ဖြစ်သလိုပဲ သတိရပါရစေတော့…
အပြုံးတွေ နှုတ်ခမ်းပေါ်
မစီးဆင်းနိုင်တော့ပေမယ့်…
ပုန်းကွယ်ချောင်းကြည့်နေမယ့် ရင်ခုန်သံတွေမှာ
ရိပ်မှန်းသံဖမ်း စကားလုံးတွေရှိနေတယ်…
“တနေ့” ကိုစောင့်နေပါတယ်…
မနက်ဖြန်တွေ မြန်မြန်လာပါ
သန်ဘက်ခါတွေ (ဒီထက်) မြန်မြန်လာပါ…
ယနေ့ဟာ အဲ့ဒီ “တနေ့ ” မဟုတ်ရင်
မနေ့ ကနဲ့ အတူတူ ကသုတ်ကယက်
(မြန်မြန်)သာ ထွက်သွားကျပါတော့…။
“ဘဝ” ဟာ ခရီးအရှည်ကြီးလို့ 
မပြောပါနဲ့…
မျှော်လင့်ချက်တွေ လေးလွန်းလို့ ပါ…
ဓူဝံကြယ်မဲ့ ကန္တာရအလယ်မှာ
ချစ်ခြင်းတွေထမ်းပိုးပြီး
ငါမင်းဆီ အရောက်လာခဲ့မယ်…။။
“ကဲ… မင်းဘာပြောမလဲ???”
Comment #1
ကြိုက်လို့ယူသွားပြီနော်
😛