Professional Authors

ကိုယ့်ကြောင့် ကမ္ဘာကြီးမနာစေချင် (ပိုင်စိုးဝေ)

အားကောင်းမောင်းသန် ရူသွပ်ခဲ့စဉ်တုန်းက
ကောင်းကင်ဘုံကို မော့ကြည်ဖို့ ကြိုးစားခဲ့ဖူးတဲ့
သိုးတစ်ကောင်။

သင်ရိုးညွှန်တမ်းပျောက်ဆုံးနေတဲ့နှစ်များ။
အထင်တော်လွဲမှားပြီး
ဘုရားသခင်က လက်ဆောင်တစ်ခု ချီးမြှင့်လိုက်ရဲ့
မင်းကလေးကိုပေါ့ စံပယ်ခင်။

အခုတော့
သူ့သဘောသူဆောင်တဲ့ အာကာသဓါတ်ကြီးကြောင့်
တစ်ကျွန်းစီနေ တစ်မြေစီခြားရပေါ့။
ဗုံတွေဟာ တီးဖို့မဟုတ်တော့ဘူး၊
အိမ်မပြန်တမ်းပေါ့ကွယ်
တိမ်တွေရဲ့ အဆန်လမ်းမှာ
ကိုယ့်ခြေလှမ်းတွေ ပျောက်ဆုံးခဲ့ရ၊
ကိုယ့်ကျောပေါ် အလျားလိုက်စီးတဲ့မြစ်မှာ
ကိုယ့်ရာဇ၀င်ပျောက်ဆုံးခဲ့ရ၊
တစ်စက်မှ ရေမရှိတဲ့မြစ်ကြီးထဲ
လှေနာဝါကို ရွက်လွှင့်ခဲ့ရ။

အနွေးဓါတ်ပါတဲ့ အနမ်းရဲ့ အငွေ့အသက်ဟာ
အမြဲတမ်းပဲ အတိတ်ကို ဆောင်တယ်
သရဖူမဆောင်းဖူးတဲ့ တို့ရဲ့ မာနတရားကတော့
ဘယ်တော့မှ မိုးမလင်းပေဘူး၊

သက်သေပြချက်တွေကို လိုက်ရှာမနေပါနဲ့တော့
ကိုယ့်ကြောင့်
ကမ္ဘာကြီး မနာကျင်စေချင်၊
ကျောက်တုံးတစ်တုံးမှာ
အောက်မေ့အမှတ်ရစရာ ဘာမျှ မရှိ၊
ပန်းတစ်ပွင့်ဟာလည်း
ဝံပုလွေတစ်ကောင်ရဲ့ အိပ်မက်တစ်ခုမဖြစ်နိုင်
မြွေတစ်ကောင်ကတော့
သူ့ကိုယ့်သူလေယာဉ်ပျံတစ်စင်းလို့
စိတ်ကူးယဉ်ခဲ့ဖူးမှာပေါ့။

ကျဆုံးသွားတဲ့ လူယဉ်ကျေးမှုတိုင်းကို
အနမ်းနဲ့ နှုတ်ဆက်ဖို့
ကိုယ့်အနာဂတ်ဟာ
အဝေးက ပြန်လာနေပါပြီ။

ပိုင်စိုးဝေ
(ဖေဖော်ဝါရီ၊ ၂၀၀၁)
(ဣတ္ထိယတောင်တန်းကဗျာများစာအုပ်မှ)

In: ကဗျာ,ပိုင်စိုးဝေ Posted By: Date: Nov 10, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment