Professional Authors

အလင်းမဲ့အိမ် – နရီထက်

မိဘရယ်. . .ဝေး
ကိုယ့်အား ကိုယ့်ရပ်တည်ဖို့
တို့မောင်နှမ ဆယ့်လေးယောက်ကို
ရောင်စုံလောကကြားမှာ
ထားပစ်ခဲ့ကြတယ်. . .

ငါတို့အမွေအိမ်ကလေးက
မှောင်ကျလွန်းတယ်
လူသူ အရောက်နည်းတဲ့တောစွန်းတစ်နေရာ
လောင်စာရယ်ခမ်း
အလင်းမဲ့မီးအိမ်ရယ်
ကွယ်ပျောက်ရှကာ လွင့်စင်လေးတော့
တို့မောင်နှမတွေ
အနေကြာ အနေစိမ်းလာတော့
စကားပြော နည်းနည်းလာတယ်. . .

နံရံတွေက စကားတွေ
အပြောများလာတယ်
နံရံတွေက နားတွေ စွင့်ထားကြတယ်
အမှန်တွေ နားထောင်ချင်လာကြတယ်
စိတ်ဝမ်းရယ်ကွဲ
တို့မောင်နှမတွေ ထောင့်တစ်ရာစီမှာလေး
အမှောင်ကာချ ကန့်လန့်ဆွဲလို့
တစ်ဦးဦးကို တစ်ဦး
သွေးသားရယ်မတူ
အရောင်ခြားတယ် ထင်ကာရယ်
တစ်ဦးဦးကို တစ်ဦး
ရန်သူ ရန်သူ လုပ်လာကြတယ်. . .

ဆိတ်ဆိတ်နေခြင်းက
ထောင်ရာတန်ပေမဲ့
တိတ်ဆိတ်နေခြင်းက
တို့မောင်နှမတွေကို ကွဲပြားစေတယ်
စကားပြော မကောင်းလို့
ကိုယ်ပိုင်ရာ ကိုယ့်အခန်း
ကိုယ်ပိုင်ဆိုင်သမျှ
ကိုယ့်ရာနန်းလို့ သတ်မှတ်နေတယ်
ဘယ်သူမှ အလာမခံချင်
သင့်မြတ်မှုတွေ မဝေဌချင်
နွေးထွေးမှုတွေက ဝေးစွာထင့်
အသက်တွေ ရှိသရွေ့
ဝိညာဉ်တွေချုပ်ထားမယ့်
သည် အလင်းမဲ့အိမ်ကလေးရယ်. . .

အနီသွေးရောင် ကြက်သွေးဖြန်းလို့
အတိတ်တွေ မကောင်းဘူးထင့်
နှောင်းရက်ရှည်က ပျော်စရာတွေ
လွင့်ပျောက်ကာရယ်
စိမ်းလွင်ပြင်ထဲက
တိမ်မည်းစိုင်းတွေ
ခဏခဏအုပ်မိုးထားခံရတဲ့
ချောက်ချားစရာ
အမှောင်လွန်း
လောင်စာခမ်းနေတဲ့
မီးအိမ်ပျက်တစ်လုံးနှင့်
တို့မောင်နှမ အိမ်ကလေးရယ်. . .။      ။

နရီထက်
( ၁၂ ၊ နိုဝင်ဘာလ ၊ ၂၀၁၀ )

In: ကဗျာ Posted By: Date: Nov 12, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment