စုန်း – နရီထက်
အတတ်တွေ စုံ
ပညာတွေ စုံလို့
ဆယ့်နှစ်ကြိုးကဝေ
တတ်မြောက်ခဲ့သည်
အောက်လမ်းနည်းလည်း ကျွမ်းပါသည်
အထက်လမ်းနည်းလည်း သုံးတတ်သည်
ကျွမ်းထိုးမှောက်ခုံ နည်းစုံသုံးလို့
သနားအောင်လည်း လုပ်တတ်သည်
ကြောက်အောင်လည်း ချောက်တတ်သည်
လူတွေကြားမှာ ပုန်းလျှိုးသရုပ်
နေ့မှာတစ်မျိုး
ညမှာ တစ်မျိုး
နည်းစုံသုံးလို့
လူတွေ ယုံအောင် နေတတ်ခဲ့သည်
သွေးစွန်းနေ့တွေ
ဖန်တီးခဲ့သည်
သွေးပျောက်အောင်လည်း
ဖျောက်တတ်ခဲ့သည်
အလောင်းပျောက်အောင်
လုပ်တတ်ခဲ့သည်
ညသန်းခေါင်မှာ ဟားတိုက်ရပ်လို့
ရွာလည်တစ်ခွင်ဆီ. . .
စုန်းတိုက်နေသည်။
သူ့အရိုးကို ကိုက်ချီနိုင်မို့
သူ့အသားကို ဖောက်သောက်နိုင်ဖို့
သူ့ဝိညာဉ်ကို ချုပ်ငြိမ်းနိုင်ဖို့
အသားထဲက လောက်
အသွေးထဲက သွေးပုပ်
အမျိုးယုတ်အောင်
စုန်းကဝေနည်းနှင့် လှည့်စားတတ်သည်
သနားစရာ ရုပ်အသွင်
ငေးမှိန်စရာ သူ့စကားနှင့်
တံစိုးလက်ဆောင်တွေကြား
တစ်ချို့လူတွေ စုန်းကိုက်ခံရတာ
တစ်ချို့လူတွေ မယုံကြဘူး
တစ်ချို့လူတွေ ကြောင်တမ်းတမ်းဖြစ်နေတုန်း
တစ်ချို့လူတွေ ညက အရိပ်ကို
မေ့ဖျက်ကြောက်လန့်ငြင်းဆန်နေတုန်း. . .
. . . . . . . . . . . . . . .. .
. . .. . . . .. . .. . .. .. ..။ ။
နရီထက်
( ၁၃ ၊ နိုဝင်ဘာလ ၊ ၂၀၁၀ )
Comment #2
သည် ကဗျာသည် မလေးရှားနိုင်ငံတွင် ထုတ်ဝေသော အိုးဝေဂျာနယ် နိုဝင်ဘာလထုတ် 2010 တွင် ဖော်ပြခြင်းခံရသည်။
Comment #1
ကြိုက်သွားပါ၏…..။
သနားစရာ ရုပ်အသွင်
ငေးမှိန်စရာ သူ့စကားနှင့်
တံစိုးလက်ဆောင်တွေကြား
တစ်ချို့လူတွေ စုန်းကိုက်ခံရတာ
တစ်ချို့လူတွေ မယုံကြဘူး
တစ်ချို့လူတွေ ကြောင်တမ်းတမ်းဖြစ်နေတုန်း
တစ်ချို့လူတွေ ညက အရိပ်ကို
မေ့ဖျက်ကြောက်လန့်ငြင်းဆန်နေတုန်း. . .
. . . . . . . . . . . . . . .. .
. . .. . . . .. . .. . .. .. ..။ ။