တစ်ဖက်သတ်ဆန္ဒ
ကြယ်အထောင်သောင်း အလင်းဆောင်းတဲ့
ညပြာနက်အောက် ညဉ့်ငှက်ရောက်စဉ်
စိုစွတ်ပံသု မြေအထုက
သူ့ကိုယ်မာတာ သဖွယ်ကာလျှက်
ခန္ဓာဝန်ထမ်း သေရွာလှမ်းသော
ကြီးငယ်မဟူ များထိုလူကို
ရိုးတံပြိုင်းပြိုင်း ငိုက်ယွန်းကိုင်းသည့်
ပေါက်ပင်ငယ်စောင့် မြေပုံအောက်ဝယ်
ဟောင်းနွမ်းဆွေးမြေ့ အလောင်းပွေ့ကာ
ထားရစ်ကိုယ်စီ မှတ်တိုင်ညီနှင့်
သုသာန်တစ လှမ်းမြင်ရသည်
ငါလည်းနေ့စေ့ အများရှေ့ဝယ်
လက်ဝါးကပ်တိုင် ဆန့်တန်းကိုင်ကာ
ငြင်းဆန်မရှိ တရားသိနှင့်
ခရမ်းရောင်မြ ပန်းကြွလှကြား
အလောင်းစင်ထက် လဲလျောင်းလျှက်ပင်
ကျန်ရစ်သူပေါင်း ၀မ်းနည်းကြောင်းကို
ယူကြုံးမရ မျက်ရည်ကျလျှက်
တဿဖြစ်ဖွယ် ဂုဏ်အင်ငယ်ကို
ပြောဆိုငိုကြ သေပန်းလှ၍
ပြုံးပြနှုတ်ဆက် ချန်ရစ်လျှက်နှင့်
သင်္ဂြီုလ်ရင်းသာ သေချင်ပါသည်
ငါပိုင်ဆိုင်ထား ခင်ပွန်းသားနှင့်
စီးပွားဥစ္စာ မျိုးဆွေရာထူး
ပညာဘွဲ့ဂုဏ် များစုံစုံကား
မပါလက်ချည်း ဖြန့်ကာနှီးလျှက်
ကောင်းမှုကုသိုလ် အကုသိုလ်ပင်
အရိပ်လိုမြဲ ထပ်ချပ်စွဲ၍
ငါ့ကိုလမ်းပြ စောင့်ရှောက်ကြကာ
ကောင်းကင်ငရဲ လမ်းနှစ်ခွဲကို
စီစစ်ဆုံးဖြတ် နာခံလျှက်နှင့်
မြေပုံမှောင်မည်း တလားထဲတွင်
ရုပ်လောင်းပျော်ဝင် မှေးစက်ချင်သည်
Comment #1
တရား..ရစရာပဲဗျာ။ နောက်ဆုံးတော့ ကျွန်တော်တို့ပိုင်တာ ကိုယ်ကံ..ပါပဲ။