ကြယ်များကို ခြွေလွင့်နေသူ – နရီထက်
အရောင်တွေဖုံး
တိမ်တွေလွှမ်းနေရင်
ပိတ်မိနေတဲ့ ကြယ်ကလေးတွေရယ်
ငါအဖို့နှယ်
အကျေနပ်ဆုံး။
ကြယ်တွေ တောက်ပ
အရောင်တွေ ပြိုင်ထွန်းရင်
အမုန်းဆုံး. . .
ကောင်းကင်မှ ကြယ်တစ်ပွင့်ပဲ
ထွန်းလင်းလာရင်. . .
ပေါက်ကွဲမှုတွေ ပြင်းထန်နေတယ်။
အချိန်ရဲ့စေ
သက်ကြွေလို့ ကြယ်တွေကြွေရင်
အပျော်ဆုံးအချိန်တွေပေါ့
ကြယ်တွေ ဆက်တိုက်ဆက်တိုက်
ကြွေလွင့်နေတာ မြင်ချင်နေတုန်း။
သက်တမ်းတွေရင့်လို့
ကြွေဖို့ မလွယ်ရင်
အရောင်တွေ လက်လို့
ကြည်ညိုနေရင်
လူတကာ ငေးယူ
တပ်မက်နေရင်
ငါကိုယ်တိုင်က
တံကျူကိုင်လို့
အမြင့်ဆုံးနေရာကနေ
နေရာ ယူပြီး ခြွေချချင်တယ်။
လှောင်အိမ်လေးတစ်ခု
မှော်ဆန်ဆန် မြေအောက်ခန်းလေးနှယ်
ကြွေလာတဲ့ ကြယ်တွေရယ်
ငါကိုယ်တိုင် ခြွေလာတဲ့ ကြယ်တွေရယ်
အလင်းလက်ဆုံး ကြယ်တွေရယ်
သိမ်းထားခဲ့တာ ကြာလှပေါ့
အလင်းစက်တွေ ပိတ်ပင်ချင်တယ်။
မျက်လှည့်ပြပွဲတစ်ခုမှာ
ငါကိုယ်တိုင် ၀ှက်ထားတဲ့
ကြယ်တွေကလည်း ပြေးထွက်နေဆဲ
ဖျောက်လိုက်တဲ့ကြယ်တွေကလည်း
ပေါ်လာနေတုန်း. . .
ငါ အသက်ရှိသရွေ့
ကြယ်တွေနှင့် နပန်းလုံးနေမှာ. . .။ ။
နရီထက်
( ၁၉ ၊ နိုဝင်ဘာလ ၊ ၂၀၁၀ )
Comment #2
ခြွေပါနဲ့ …
ကြယ်လေးတွေ သနားပါတယ် …
ကိုယ်မခြွေတောင် သူတို့တစ်နေ့ ကြွေရမှာပါ …
အခွင့်သာတုန်းခဏ …
ထွန်းလင်းတောက်ပခွင့်ပေးလိုက်ပါလား …

Comment #1
ကြယ်တွေလဲ ကြွေလိုက် ဘ၀တွေလည်းကြွေလိုက်ပေါ့ဗျာ