အေးရိပ်တစ်ခုကို ငတ်မွတ်ကြည့်ကြခြင်း – နရီထက်
လက်တစ်ကမ်းမှာ
ရောက်တော့မလိုနဲ့
လှေဝမ်းထဲ
ရေတိုးပေါက်ကနေ
ရေစိမ့်ထိုးလို့
ရေပြည့်နေလောက်ရဲ့
ရွှေပြည်တော် မျှော်လေတိုင်းဝေး
နီးသတော့မလိုနဲ့
ဝေးနေခဲ့တာကြာပြီး
မြင်ယောင်မလိုနဲ့
ထင်ယောင်နေခဲ့တာ ကြာခဲ့ရပြီး။
ပညာတတ်ဖြစ်မှ
လူရာဝင်မယ်ဆိုရင်
နိုင်ငံခြားလောကမှ
ဒုနဲ့ဒေး အနှိမ်ခံနေရတာ
မနည်းပါလား။
ခေတ်က စကားပြောတယ်
ဘ၀က စာသင်ပေးတယ်
အမှန်တွေက ရင်ထဲမှာ
ထုတ်မပြောကြေးလို့
သင်ပုန်းကျောက်စာတွေက
တိတ်ဆိတ်အပ်နှင်းခဲ့ကြတာလား။
ဦးနှောက်ယိုစီးမှုကို
အစားထိုးကုဖို့
ပါရဂူတွေကတောင်
လက်ရှောင်နေသေးရဲ့
ဒါဆိုရင် မင်းကိုအကြံပေးမဲ့
အတိုင်ပင်ခံကလည်း
ဝေးဝေးမှ နေလေတယ်။
အရိပ်လို နေပူမှာစောင့်
လိုချင်လို ဒုက္ခခံစောင့်နေတာ
ကြာခဲ့လှပေါ့
စောင့်နေရစ်လို့
တမင်တကာ ပြောခဲ့တာလား
စောင့်ရကျိုးနပ်အောင်
တကယ့်လုပ်ပေးမှာလား။
အေးတူ ပူမျှ တို့ဘဝ
လက်တွေ့မှာ မတူညီမှုက
မိုးနှင့်မြေ ကွာခြားပေါ့
ငိုခြင်းတွေ သံပြိုင်ဟစ်တိုင်း
သူတို့ရဲရယ်သံတွေက နောက်က
နောက်ကနေ လိုက်နေကြတယ်
ပူဆွေးမှုတွေ လက်ခံရတိုင်း
သူတို့ရဲ့ ပျော်ရွှင်မှုက
တပုံတပင်ကြီးပဲ ရနေကြတယ်
တန်းတူဆိုတာ
တန်းတူမှ ရမယ်တဲ့လား။ ။
နရီထက်
( ၂၀ ၊ နိုဝင်ဘာလ ၊ ၂၀၁၀ )
Comment #1
ကောင်းတယ်ကဗျာက
ကျွန်တော်က မရေးတတ်ပေမဲ့ သူများရေးတာကျတော့ ခံစားတတ်တယ်
ကိုယ်ကြိုက်တဲ့ကဗျာကို တွေ့ရင်လဲ comment ၀င်ရေးလေ့ရှိပါတယ်
မှားရင်တော့ ကဗျာဆရာကို တောင်းပန်လျှက်ပါ……………များများေ၇းနိုင်ပါစေဗျာ
စောင့်ဖတ်နေပါတယ်………….