လေ – နရီထက်
မြတ်နိုးမှုအပေါင်းနှင့်
သန့်စင်ရာ သည်ကမ္ဘာဝယ်
ရှင်သန်ခွင့်ရကတည်းက
လေ ဆိုတာက
လက်ဆောင်တစ်ခုလား
လွတ်လပ်ခြင်းအတွက် သင်္ကေတစ်ခု။
အသက်ရှုခွင့် ရပ်မသွားသည်တိုင်
လောကတရားက
လေနှင့် အတူ
မျှဝေ ပေးနေတာ
ပိုင်ဆိုင်ခွင့်တွေ
အုပ်စိုးထားမဲ့သူ မရှိသေးလို့လား။
လွတ်လပ်မှုက
ထိန်းချုပ်ထားတဲ့အခါ
လောက အပြင်ဘက်က
နေရာဟာနယ်ထဲ ရောက်သလို့ပဲ
မြင့်တက်မှ အသက်ရှုခွင့်က
လေခမ်းသလို
နိမ့်ကျမှ လွတ်လပ်ခွင့်က
မြင့်တက်လို့လာတယ်။
လွတ်လပ်ခွင့်တွေကြား
လေ တွေက လေးကန်လာသလို
လေကန်လာကြတယ်
လေနှင့်ပဲ လိပ်ပတ်လာကြတယ်
အိမ်မက်တွေက လေနှင့်ပဲ
ချည်နှောင်လာကြတယ်
တစ်ခါတစ်ရံ အပြာရောင်
မုသားတွေ ၀န်းရံထားကြတယ်။
လေကို ရောင်းစားဖို့
အောက်ဆီဂျင်တစ်ဖြစ်လှည့်
ဓါတ်ပေါင်းဖိုနှင့် ခံယူနေတယ်
လူတွေက အ၀တ်ကောင်းတွေနှင့်
ဟန်လုပ်လာကြတယ်
မူပိုင်ခွင့်အတွက်
တစ်သက်တာ လေ တွေကို
ပိုင်ဆိုင်ချင်နေကြပြီး
တစ်ကျပ်တစ်ပြားနှင့်
ရသလောက် ရောင်းစားချင်နေကြတယ်။
လွတ်လပ်ခွင့်က
တရားမျှတရေးဆိုပေမဲ့
လေဟာနယ်မှာ လွင့်မျောသလို
လူတွေက လေတွေကို လိုက်ဖမ်းလိုက်
လွတ်လပ်ခွင့်ကို လိုက်ဖမ်းလိုက်နှင့်
ပိုင်ဆိုင်ခွင့်ရှိဖို့ရေး လိုက်ဖမ်းနေကြတယ်
အသက်ရှုခွင့် လက်ဆောင်ကို
လောကတရားက မရုတ်သိမ်းခင်
အခိုက်အတန့်လေးတင်မှာ
ဖြူစင်ခြင်းနှင့်
မိုက်မဲမှုတွေကြား
လေတွေက လူတွေကြားမှာ
လှည့်ပတ်ပြေးနေဆဲပါ။ ။
နရီထက်
( ၂၂ ၊ နိုဝင်ဘာလ ၊ ၂၀၁၀ )