တူးခါးခါးနေ့ရက်စွဲ
မနေ့ညက အိပ်မက်ထဲမှာ …
ဒီနေ့ နေ့စွဲကို ကြည့်လိုက်တော့
ပြက္ခဒိန်ပေါ်ကနေ မျက်ရည်တွေ ယိုစိမ့်ထွက်ကျနေခဲ့တယ် …
ဒီလိုနဲ့ အဲဒီညကို တူးခါးစွာ ဆက်လက်ငုံခဲထားလိုက်ပြီး …
ခေါင်းတလားဆန်ဆန် အထီးကျန်ဆိတ်သုန်းတဲ့
နှုတ်ဆက်ခွဲခွာမှုမှာ စကားလုံးတွေ လစ်ဟာလျက် ပြီးဆုံးသွားခဲ့ …
ကောင်းကင်ကို တိုင်တည်ပြီး ငိုချင်း ချလိုက်ပါတယ် …
မြေကြီးကို တိုင်တည်ပြီး ငိုချင်း ချလိုက်ပါတယ် …
ဆံဖျားပန် စံပယ်နံ့လေး မထွက်ခွာခင်မှာ
မျက်ဝန်းထဲက ပြည့်စုံတဲ့ အကြည့်တွေနဲ့
စကားလုံးပေါင်းထောင်သောင်းများစွာ
ရေးဖွဲ့သွားပါတယ် …လို့ …
ဂွဒ်ဘိုင်း ဆိုပြီး ဥဩသံတိုလေးဆွဲအော်ထားဆဲ
ဘရိတ်မပါတဲ့ ခြေသံတွေဟာ
နွေခေါင်ခေါင်မိုးကြိုးပစ်သလို စူးခါးတယ် …
ဒီလိုနဲ့ပဲ ခြေရာသံလေးတွေကို
မီးတောက်မီးလျှံတွေကြားက ကမ္ဘာကျော်အမှတ်တရကြီးဖြစ်တဲ့
နီရိုးဘုရင်ကြီးရဲ့ တယောလက်သံတွေလို ပြက္ခဒိန်အဆက်ဆက်
အုပ်အုပ်လွင်လွင် ကြားနေရတုန်းပဲ …
ဒါပါပဲ ကောင်မလေး …
အောက်တိုဘာနေ့ရက်တွေ ခါးတူးလည်း နိုဝင်ဘာထိ ဆက်သောက်မယ် …
ဒီဇင်ဘာထိ ဆက်သောက်မယ် …
ဇန်န၀ါရီထိ ဆက်သောက်မယ် …
ဖေဖော်ဝါရီထိ ဆက်သောက်မယ် …
………. ဆို ……………
…….. ဆို ………
……. ဆို ….
. သေတဲ့အထိ တရှိုက်မက်မက်သောက်သုံးသွားမယ် …
လျံနိုး
နိုဝင်ဘာ ၂၃၊ ၂၀၁၀