နာရီကြီး
မော်ဒန်ဓားသွားတွေ
ပလူပျံနေတဲ့ကြားမှာ ငါ တစ်ယောက်တည်း
ဂန္ဓ၀င်တေးသွား သွေးနေလို့ မရတော့ဘူး …
မော်ဒန်ဖြစ်အောင် …
ဂျင်းဘောင်းဘီဝတ်ရမယ် …
အီမိုစတိုင်လ်တွေ လေ့လာရမယ် …
အင်္ကျီကို နှစ်ဖက်လှမဟုတ်ဘဲ ပြောင်းပြန်ဝတ်ရမယ် …
မိန်းမဆန်ဆန် မိတ်ကပ်တွေ နည်းနည်းလူးရမယ် …
နေမင်းကြီးကို အိပ်မက်ထဲ ခပ်ချပ်ချပ်လေး ထည့်ထားရမယ် …
မသော်တာကို ပစ်ပစ်နှစ်နှစ် ပယ်ပယ်နှယ်နှယ် ဆဲရေးတိုင်းထွာရမယ် …
စကားလုံးတွေကို အားဆေးတိုက်ရမယ် …
မှော်ဆရာကို စေလိုရာစေ နှဖားကြိုးတပ်ခိုင်းစေတတ်ရမယ် …
မိုနာလီဇာဆီက သွေးမျက်ရည်တွေ ချူညစ်ယူရမယ် …
လီယိုနာဒိုဒါဗင်ချီကို မသော်တာပုံဆွဲခိုင်းရမယ် …
ဆက်လက်ပြီး …
အာဒံကို မသော်တာဆီ လူပျိုလှည့်ခိုင်းပြီး
ဧ၀ကို သားမှတ်မှတ်မယားမှတ်မှတ် ပေါင်းသင်းဆက်ဆံရမယ် …
ဆူးခက်မင်း တို့ အနတ္တအနော်မာ တို့ ဆီကနေ LP အကြောင်း တီးခေါက်ယူရမယ် …
ဟိုးအရင်တုန်းက
ပြားခဲ့တဲ့ ကမ္ဘာကြီးက အခုတော့ လုံးဝန်းသွားပါပြီ …
ဟိုးအရင်တုန်းက
လူရာမ၀င်တဲ့ မော်ဒန်စတိုင်တွေ အခုတွင်ကျယ်သွားပြီ …
ဒါဝင်ရဲ့ အဆင့်ဆင့်ပြောင်းလဲလာတဲ့
နိယာမထဲမှာတော့ လူ နဲ့ မျောက် မအပ်စပ်မိတာတော့ အမှန်ပဲ …
တိရစ္ဆာန်ကို ဘိုးအေခေါ်ဖို့
ကျွန်တော်တို့ ဦးဏှောက်တွေက ရာစုနှစ်ကြိုပြေးနေတော့
ဘယ်လိုမှ လက်မခံနိုင်ဘူး …
နီရိုးဘုရင်ကြီးရဲ့ သာမန်တယောလက်သံဟာ
ကမ္ဘာကျော်အောင် စွမ်းဆောင်နိုင်ခဲ့တာ မဟုတ်ပါဘူး …
ပတ်ဝန်းကျင်က အရှိန်ကောင်းခဲ့တဲ့ မီးခိုးမီးလျှံတွေကြောင့်ပါ …
တိုင်းနယ်ဘောလုံးသမားရဲ့သား ကမ္ဘာကျော်ဘောလုံးသမား
ဒေးဗစ်ဘက်ခမ်းကိုပဲ ကြည့်လေ …
တံငါနားနီး တံငါ ကွဲ့ … မုဆိုးနားနီး မုဆိုး ဟဲ့ …
ပတ်ဝန်းကျင်က လူပဲ …
လူကတော့ ပတ်ဝန်းကျင်မဟုတ်ဘူး …
အရာအားလုံး သူ့သဘောသူဆောင်ပြီး
ကြည့်ကောင်းပါတယ် …
ငါ့တိုင်ကပ်နာရီကြီးလည်း ပြေးလွှားနေရင်းပေါ့လေ …
လျံနိုး
နိုဝင်ဘာ ၂၅၊ ၂၀၁၀