နှင်းစိုနေတဲ့ ကဗျာ
တွေ့မယ့် တွေ့တော့လည်း
အေးစက်စက် နတ်သမီးပုံပြင်တွေနဲ့
ရာသီဥတုကပဲ ငါတို့စိတ်တွေကို
အေးခဲနေစေခဲ့သလား
ဘယ်မှာလည်းနှင်းတွေ
ငါမေးခဲ့တာက ဒီဇင်ဘာမနက်ခင်း ၂နာရီ
လေပြေတွေက ပြန်ဖြေလို့
ငါကုတ်အကျီ င်္လေးကို လိုက်ရှာမိသေးတယ်
ကဗျာတွေလည်း နှင်းစိုလို့
ငါ့ ဂစ်တာအိုလေးထဲကို သိမ်းဆည်းထားလိုက်တယ်
ငါ့ရဲ့ နံဘေးမှာ သူ့ပုံရိပ်တွေ
ဝိုင်တစ်ခွက်နဲ့ အတူတူ
တစ်ညစာ အိမ်မက်တွေနဲ့ပေါ့
ကမ္ဘာမြေကတော့ တစ်ခြမ်းမှောင်နေဆဲ
မရဲတရဲမီးကိုသာ ဖွာလို့
ဆေးလိပ်တိုတွေ အခန်းထောင့်လေးမှာ
ခွေခွေလေး အိပ်နေလေရဲ့ 
နောက်ဆုံးရထားပေါ်က သမီးရည်းစားတွေရဲ့ 
ဒဏ်ရာကိုယ်စီနဲ့ နှုတ်ဆက်သံ
အလင်းဆိုင်လေးမီးမှိတ်လို့
အိမ်ပြန်လမ်းကို ငါမမှတ်မိ
မှင်ကုန်သွားလို့ နှလုံးသားထဲရေးတဲ့ကဗျာ
ရင်ခွဲကြည့်ရင်တော့ ကျောက်စာအဖြစ်ထင်ဦးမှာပါ
ကျေးဇူးပြုပြီး တစ်ယောက် ယောက်လောက်
ငါ့ကဗျာတွေသိမ်းထားပေးပါဦး
သူနှင်းတွေစိုနေပြီး တုန်ရီနေလို့ပါ
ဒီဇင်ဘာညမှာ သာတဲ့လကို
ငါပန်းချီဆွဲချင်လို့ပါ
ခွန်အားတွေ ထူပူနေလို့
ဒီနေ့ညတော့ ကျွန်တော်ရူးချင်ယောင်
ဆောင်နေလိုက်မယ်လေ။
Comment #1
အားပေးနေပါတယ်တိမ်အိုရေ…….