ရင်ကွဲမိုးတိမ် – နရီထက်
တိမ်ဖြူဖြူတွေ အညိုရောင်သန်းစ
အရောင်ပြောင်းလဲ စွန့်လွတ်လာတဲ့အခါ
ကိုယ့်ရင်ဘတ်တွေ ပြောင်းဆန်ရှိုက်ခက်
ညည်းချင်းဖြစ်ဖို့ လမ်းစတွေလား
ဆွေးတိမ်စတွေလား. . .
တိမ်တိုက်တွေ တစ်စစီကြေမွသွားတဲ့အခါ
ချစ်စိတ်တွေ ပွန်းပဲ့တိုက်ခိုက်ခံရသလား
တိမ်လွှာတွေ တစ်စတစ်စ ပြေးထွက်ဝေးကွာသွားတဲ့အခါ
လမ်းခွဲဖို့ ဆို့နင့်စွာနှင့် ရပ်စောင့်နေကြတဲ့
တို့နှစ်ဦးသားလား. . .
တိမ်မှုန်စတွေ ထွက်လွင့်ခွာရစ် မြင်မသာတဲ့အခါ
ဝေးသွားမယ့်နေရက်တွေ
ကိုယ်တို့နှစ်ဦး ခံစားမေ့ပစ်ရက်နိုင်မှာတဲ့လား
ပြောင်းလဲခြင်းတရားမှာ ပေါင်းစပ်ခွင့်ကံတရားက
ဆုံဆည်းခွင့် ရေငွေ့လေးတွေကို
မျှော်နေတမ်းတရှာတဲ့ မိုးတိမ်တွေလား. . .
ရင်ခွဲခြင်းမှာတမ်း သည်ကဗျာအား
သက်သေတည်ထား မိုးတိမ်လွှာများ
တို့နှစ်ဦးသား မျက်ရည်စနှင့်
ပေါင်းစည်ခြင်း မြစ်ပြင်လယ်မှာ
ဆုံဆည်းခွင့် ရေငွေ့လေးတွေနှင့်
ထာဝရ တိမ်စိုင်းတိမ်ခဲများ ဖြစ်ရလေသာဝ်
ရင်ခွဲမိုးတိမ်တွေရယ်. . .။ ။
နရီထက်
( ၀၂ ၊ ဒီဇင်ဘာလ ၊ ၂၀၁၀ )
Comment #2
ကျွန်တော်ရဲ့ ကဗျာများကို အားပေးဖတ်ရှုကြသော စာဖတ်သူများ၊ ကဗျာများရေးသားကြသော ကဗျာဆရာ၊ ကဗျာဆရာမများကို အထူးကျေးဇူးတင်ရှိပါသည်။ စာတစ်ပုဒ်၊ စာတစ်ပိုဒ်၊ စာတစ်မျက်နှာ ရေးသားစေကာမူ စာဖတ်ပရိသတ်ကို အကျိုးပြု ရသပေးစွမ်းကား ထိုသူတို့မည်သည် စာရေးဆရာများ ဖြစ်ကြပါသည်။ လေးစားထိုက်သူများဖြစ်ကြပါသည်။ ထိုကြောင့် စာဖတ်သူပရိသတ်များ၊ ကဗျာရေးသားကြသူအားလုံးကို လေးစား ကျေးဇူးတင်ရှိပါသည်။
နရီထက်
( 03 ၊ 12 ၊ 2010 )
Comment #1
ကြိုက်တယ်ဗျာ……အစ်ကိုတော် နရီရေ…….